COVID ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးကတည်းက တိုးပွားလာနေသည့် ခရီးသွားကဏ္ဍမှ ၀ယ်လိုအား မြင့်တက်မှုများကြောင့် ထိုင်းလေကြောင်းလုပ်ငန်းတွင် လေကြောင်းလိုင်းအသစ် (၄) ခုထက်မနည်း ဝင်ရောက် ပျံသန်း ပြေးဆွဲရန် ပြင်ဆင်နေကြသည်။
Cool လေကြောင်းလိုင်းသည် Airbus A330 နှင့် A350 လေယာဉ်များဖြင့် ယခုနှစ် ဒီဇင်ဘာလတွင် ပထမဆုံး စတင် လည်ပတ်နိုင်မည်ဟု မျှော်လင့်ရပြီး ယခုအခါတွင် လေကြောင်းလည်ပတ်ခွင့် လိုင်စင်ရရှိရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက် ရှိသည်။
ဘတ်ဂျတ်လေကြောင်းလိုင်း တစ်ခုဖြစ်သည့် Nok Air ၏ CEO ဖြစ်သူ Patee Sarasin သည် Cool Airlines ၏ (၅၁) ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည်။ Patee သည် ကုမ္ပဏီကို (၁၄) နှစ်ခန့် တာဝန်ယူပြီးနောက် ၂၀၁၇ ခုနှစ်တွင် Nok Air ၏ CEO အဖြစ်မှ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။
Landarch လေကြောင်းလိုင်းသည် ထိုင်းတောင်ပိုင်းရှိ မြို့ကြီးများနှင့် ကမ်းခြေမြို့များအကြား ပျံသန်းသည့် ခရီးသည်များကို ပစ်မှတ်ထား၍ (၁၂) ဦးဆံ့ လေယာဉ်များဖြင့် ၂၀၂၃ ခုနှစ် ပထမသုံးလပတ်တွင် စတင် ပြေးဆွဲမည်ဟု မျှော်လင့်ရသည်။
ထိပ်တန်းရေကြောင်းပို့ဆောင်ရေး အော်ပရေတာ Thoresen Thai Agencies မှ (၉၉) ရာခိုင်နှုန်း ပိုင်ဆိုင်သည့် P80 Air သည် Boeing 737-800s နှင့် တရုတ်နိုင်ငံရှိ မြို့အများအပြားသို့ ပျံသန်း ပြေးဆွဲနိုင်ရေး အာရုံစိုက် လုပ်ဆောင်ရန်အတွက် စီစဉ်ထားသည်။
Siam Seaplane သည် ကမ်းခြေမြို့များဖြစ်သည့် Hua Hin၊ Pattaya နှင့် တောင်ပိုင်းကျွန်းများသို့ ပြေးဆွဲရန် လူ (၈) ဦးဆံ့သော လေယာဉ်ကို စီစဉ်ထားကြောင်း သိရသည်။
၎င်းတို့၏ ပွဲဦးထွက်သည် နိုင်ငံ၏ လေကြောင်းစျေးကွက်တွင် ပြိုင်ဆိုင်မှုကို နှိုးဆော်ရန် မျှော်လင့်ထားပြီး မြင့်မားသော ရေနံဈေးနှင့် အခြားလည်ပတ်မှု စရိတ်စကများဖြင့် ရုန်းကန်နေရသော စက်မှုလုပ်ငန်းရှင်များအတွက် နောက်ထပ်စိန်ခေါ်မှုများကိုလည်း ဖြစ်ပေါ်စေသည်။
Adverisement
Click Here > Mahmood & Sons
" လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကပ်ရောဂါဘေးဒဏ်ကြောင့် ရပ်နားခဲ့ရပေမယ့် ဒီနှစ်ဟာ လေကြောင်းလုပ်ငန်းတွေအတွက် ရွှေရောင်ကာလ ဖြစ်လိမ့်မယ်။ " ဟု Krungsri Research မှ လေ့လာဆန်းစစ်သူ တစ်ဦးက ပြောကြားခဲ့ပြီး လေကြောင်းပို့ဆောင်ရေး လိုအပ်ချက်၏ (၉၃) ရာခိုင်နှုန်းသည် ခရီးသွားလုပ်ငန်းမှ ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ကပ်ရောဂါ မဖြစ်ပွားမီ ထိုင်းနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားများနှင့် စီးပွားရေး ခရီးသည် သန်း (၈၀) ကျော်ကို ကြိုဆိုခဲ့ပြီး ကမ္ဘာတစ်ဝှမ်း လေကြောင်းသွားလာမှု ကန့်သတ်ချက်များကြောင့် ၂၀၂၁ ခုနှစ်တွင် သန်း (၂၀) သို့ ကျဆင်းသွားခဲ့သည်။
ထိုင်းနိုင်ငံ၏ အမျိုးသား လေကြောင်းလိုင်းဖြစ်သည့် Thai Airways သည် ကုန်ကျစရိတ်မြင့်မားမှုနှင့် ထိရောက်မှု မရှိသော လုပ်ငန်းအစီအစဉ်များကြောင့် ကိုဗစ်ကပ်ရောဂါ မဖြစ်ပွားမီကတည်းက ကာလအတန်ကြာ ရှင်သန်ရန် ရုန်းကန်နေခဲ့ရပြီး ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ၎င်း၏ စွမ်းဆောင်ရည်ကို ပိုမို ဆိုးရွားစေခဲ့ကာ ၂၀၂၀ ခုနှစ်တွင် တရားရုံမှ ဒေဝါလီခံရန် လှုံ့ဆောင်မှုကို ရင်ဆိုင်ခဲ့ရသည်။
ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ ဖြေလျှော့မှုကြောင့် ခရီးသည်များ ပြန်လာခြင်းကြောင့် Thai Airways ၏ လုပ်ငန်းလည်ပတ်မှု အမြတ်သည် ဘတ် ၇.၇ ဘီလီယံ ( ဒေါ်လာ ၂၂၁ သန်း ) ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ပြန်လည် ကျဆင်းခဲ့သည်။ ကုမ္ပဏီသည် ၎င်း၏ ကြွေးမြီပြန်လည်ဖွဲ့စည်း မှုအစီအစဉ်ကို ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ရန် မျှော်လင့်ထားသည်။
International Air Transportation Association ၏ အဆိုအရ ယခုနှစ်သည် ကမ္ဘာတစ်ဝှမ်းရှိ လေကြောင်းလိုင်းလုပ်ငန်းအတွက် အချိုးအကွေ့တစ်ခု ဖြစ်လာမည် ဖြစ်သည်။
လေကြောင်းလိုင်း ကဏ္ဍသည် ကမ္ဘာတစ်ဝှမ်းတွင် ဒေါ်လာ (၄.၇) ဘီလီယံအထိ ၀င်ငွေရရှိလာမည်ဟု ခန့်မှန်းထားပြီး လူပေါင်း (၄) ဘီလီယံကျော် ခရီးသွားရန် အဆင်သင့်ဖြစ်ကာ လာမည့် ၂၀၂၄ ခုနှစ်တွင် ခရီးသွားသူ အရေအတွက် ပိုမို မြင့်တက်လာမည်ဟု ဆိုသည်။
သို့သော်လည်း လေကြောင်းလိုင်းလုပ်ငန်းသည် လာမည့်နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်း အရှုံးပြလာနေသည်ဟုလည်း လေ့လာသူများက ဆိုသည်။
Adverisement
Click Here > Kalar Lay
“ ကုန်ကျစရိတ်က အဓိကကျပါတယ်၊ အထူးသဖြင့် ဆီဈေးက မြင့်နေဦးမှာပဲ။ ” ဟု Kasikorn Research Center မှ လေ့လာဆန်းစစ်သူတစ်ဦးက ပြောကြားပြီး လာမည့်နှစ်တွင် လေကြောင်းလိုင်းများ စျေးကွက်ထဲသို့ ပိုမို ဝင်ရောက်လာသောကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ် ရှိကြောင်းနှင့် နိုင်ငံခြားခရီးသွား အရေအတွက်လည်း ပိုမိုများပြားလာကြောင်း ပြောကြားခဲ့သည်။
Asia Plus Securities မှ လေ့လာသုံးသပ်သူ တစ်ဦးက " အကောင်းဆုံးအခြေအနေ ပြောရရင်တော့ ၂၀၂၃ ခုနှစ်မှာ နိုင်ငံခြားခရီးသွားဧည့်သည် အရေအတွက်က ကိုဗစ်မတိုင်မီ ကာလထက် အနည်းငယ် ပိုမို မြင့်မားနိုင်တာပါပဲ။ " ဟု ဆိုသည်။
ယခုနှစ်အတွင်း နိုင်ငံခြားခရီးသည် ဝင်ရောက်မှု (၂၅) သန်းမှ သန်း (၃၀) အတွင်း ရှိခဲ့ပြီး ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက်ကို ပြည့်မီခဲ့သော်လည်း ၂၀၁၉ ခုနှစ်တွင် ရှိခဲ့သည့် (၃၉) သန်းအောက် ရှိနေဆဲ ဖြစ်သည်။
ထို့အပြင် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းနှင့် ဆိုးရွားသော စီးပွားရေးရှုထောင့်က ပြည်ပအားလပ်ရက်များကို ပိုမို စျေးကြီးစေပြီး ကပ်ရောဂါဖြစ်ပွားပြီးနောက် မြင့်တက်လာမည်ဟု ယခင် ခန့်မှန်းထားသော်လည်း လေကြောင်းခရီးသွားလာမှု လိုအပ်ချက်အပေါ် မူတည်၍ အပြောင်းအလဲ ဖြစ်နိုင်သည်။