အကောက်ခွန်ရုံးချုပ်အတွင်းသို့ ကားများဝင်ထွက်သည့်နေရာမှသာ အေးဂျင့်များ အဝါကတ်ချိတ်ဆွဲပြီး
ဝင်ရောက်ရမည်ဖြစ်ကြောင်း အသိပေးညွှန်ကြားထားပါသည်။
မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း
အသိပေးကြေညာချက်
ရက်စွဲ။ ၂၀၂၀ပြည့်နှစ် စက်တင်ဘာလ(၁၀)ရက်
COVID-19ရောဂါ ကူးဆက်ပြန့်ပွားမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက်လည်းကောင်း၊ကုန်သွယ်မှု လုပ်ငန်းများရပ်တန့်မှုမဖြစ်ပေါ်စေရန် ရည်ရွည်ချက်များဖြင့် (၁၀-၉-၂၀၂၀) နေ့မှစ၍ အကောက်ခွန်ဦးစီးဌာနရုံးချုပ်၌ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် နိုင်ရန်အတွက် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများသည် အကောက်ခွန်ဦးစီးဌာန၏ ယခင်ဝင်ထွက်သည့် ပင်မဝင်ထွက်ပေါက်မှ မဝင်ရဘဲ ကားများဝင်ထွက်သည့်နေရာမှ မိမိတို့၏ လုပ်ငန်းလိုင်စင်(အဝါကတ်များ)ချိတ်ဆွဲ၍ နှာခေါင်းစည်း(Mask)များ ဝတ်ဆင်ပြီး ဝင်ထွက်ရပါမည်။
ထိုမှတစ်ဆင့် Valuation Section အနီးရှိ ဝင်ပေါက်တွင် အေးဂျင့်များသည် သက်ဆိုင်ရာလုပ်ငန်းစု အလိုက် စာရင်းရေးသွင်းမှတ်သားပြီး၊ သတ်မှတ်ထားသော ဖိုင်ထည့်ရန်ခြင်းများထဲသို့ ဖိုင်များကို ထည့်ထားပေးရမည်ဖြစ်သည်။ အဆိုပါဖိုင်များ(Selectivity 2 & 3)ကို အကောက်ခွန်ဝန်ထမ်းများမှ အကောက်ခွန်အရာရှိများထံသို့ စစ်ဆေးနိုင်ရန် ပို့ဆောင်ပေးသွားမည်ဖြစ်သည်။
အေးဂျင့်များအနေဖြင့် လိုအပ်သောစာရွက်စာတမ်းများကိုဖိုင်များတွင် ပြည့်စုံမှန်ကန်စွာ ပူးတွဲတင်ပြ ပေးရမည်။ သို့မှသာ လွယ်ကူလျင်မြန်စွာ လုပ်ငန်းများဆောင်ရွက် ပြီးစီးနိုင်မည်ဖြစ်သည်။ စစ်ဆေးပြီးသောဖိုင်များကို အကောက်ခွန်ဝန်ထမ်းများမှတစ်ဆင့် သက်ဆိုင်ရာခြင်းထဲသို့ ပြန်လည်ပေးပို့ ပေးမည်ဖြစ်သည်။ အေးဂျင့်များသည် ဖိုင်များပျောက်ဆုံးခြင်းမရှိစေရန်အတွက် မိမိဖိုင်များကိုသာ စနစ်တကျ စိစစ်ပြီး ပြန်လည်ရယူရပါမည်။
အေးဂျင့်များသည် ကန်တီးနှင့်နားနေဆောင်များ၌ Social Distancing နှင့်အညီ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၍၊ စည်းကမ်းရှိစွာဖြင့် စောင့်နေရမည်။ ရုံးအတွင်းပိုင်းသို့ လိုအပ်ချက်ရှိမှာသာ ခွင့်ပြုချက်ဖြင့် ဝင်ရောက်ရမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားလာပါသည်။ သို့ဖြစ်ပါ၍ အသင်းဝင်အေးဂျင့်များအားလုံး စနစ်တကျ ပူးပေါင်းပါဝင်ပေးရန်မေတ္တာရပ်ခံအပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံအကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း