How To

သင်္ဘောအကြီးစားဖြင့် ကမ္ဘာ့ပထမဆုံးပင်ကိုမောင်းနှင် သမုဒ္ဒရာဖြတ်သန်းခြင်းကို တောင်ကိုရီးယားကုမ္ပဏီ စမ်းသပ်အောင်မြင်

သင်္ဘောအကြီးစားဖြင့် ကမ္ဘာ့ပထမဆုံးပင်ကိုမောင်းနှင် သမုဒ္ဒရာဖြတ်သန်းခြင်းကို တောင်ကိုရီးယားကုမ္ပဏီ စမ်းသပ်အောင်မြင်

 

ကမ္ဘာ့အကြီးမားဆုံး သင်္ဘောကျင်းလုပ်ငန်း HD Hyundai လက်အောက်ခံ လုပ်ငန်း Avikus က LNG သယ်ဆောင်သည့် သင်္ဘော Prism Courage ကို အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်ရှိ ဆိပ်ကမ်းတစ်ခု ဖြစ်သော Freeport မှ တောင်ကိုရီးယားနိုင်ငံရှိ Boryeong LNG Terminal သို့ ပနားမားတူးမြောင်းကို ဖြတ်သန်းပြီး ခုတ်မောင်းသည့် ခရီးစဉ်တွင် သင်္ဘော၏ ပင်ကိုထိန်းကျောင်းမောင်းနှင်သည့် စွမ်းရည်ကို စမ်းသပ်ခဲ့ရာ အောင်မြင်မှု ရရှိကြောင်း ထုတ်ပြန် ကြေညာပါတယ်။

၃၃ ရက်ကြာမြင့်သည့် ခရီးစဉ်တွင် ရေမိုင် ၁၀,၈၀၀ ကို စမ်းသပ်ခံသင်္ဘော Prism Courage  ခုတ်မောင်းခဲ့ပါတယ်။ ခရီးစဉ် ထက်ဝက်နီးပါးမှာ လူက ကိုင်တွယ်ထိန်းကျောင်းခြင်း မပြုဘဲ Avikus ရဲ့ HiNAS 2.0 နည်းပညာဖြင့် သင်္ဘောက ပင်ကိုယ်ထိန်းကျောင်းခုတ်မောင်းခဲ့ပါတယ်။

 

Avikus ရဲ့ HiNAS 2.0 က ရေကြောင်းသွားလာမှုမှာ အဆီလျော်ဆုံး ရေလမ်းကြောင်းများနှင့် အမြန်နှုန်းများကို ဉာဏ်ရည်တု အသုံးပြုပြီး သတ်မှတ်ပါတယ်။ ရာသီဥတု၊ လှိုင်းလေအခြေအနေများ၊ အနီးဝန်းကျင်ရှိ ရေယာဉ်များ အစရှိတဲ့ ပြင်ပဝန်းကျင် အခြေအနေများကိုလည်း အချိန်နှင့် တပြေးညီ သိရှိပါတယ်။ 

အခြေအနေများနှင့် အချက်အလက်များအရ သင်္ဘောကို ထိန်းကျောင်းမောင်းနှင်ပေးပါတယ်။

 

ခရီးစဉ် နေလျှောက်မှာ HiNAS 2.0 က အကြိမ် ၁၀၀ ခန့် သင်္ဘောချင်း မတိုင်မိအောင် ရေကြောင်းစည်းမျဉ်းစည်းကမ်းများနှင့် အညီ ရှောင်တိမ်းပေးခဲ့ပါတယ်။

 

ပနားမားအလံ မှတ်ပုံတင် Prism Courage က LNG ၁၈၀,၀၀၀ ကုဗမီတာ သယ်ဆောင်နိုင်ပါတယ်။ အလျား ၂၉၉ မီတာ ရှိပါတယ်။ တောင်ကိုရီးယားမှ အကြီးဆုံး LNG သင်္ဘောလိုင်း SK Shipping ရဲ့ သင်္ဘော ဖြစ်ပါတယ်။

 

သင်္ဘော classification society များ ဖြစ်ကြတဲ့ American Bureau of Shipping (ABS) နှင့်  Korean Register of Shipping (KR) တို့ရဲ့ ကြီးကြပ်မှု အောက်မှာ စမ်းသပ်ခဲ့တာ ဖြစ်ပြီး  အချိန်နှင့် တစ်ပြေးညီ စောင့်ကြည့်ခဲ့ကြပါတယ်။

ABS ထံမှ လက်မှတ်ရပြီးတဲ့အခါ Avikus က HiNAS 2.0 စနစ်ကို ယခုနှစ်အတွင်း စီးပွားဖြစ် ရောင်းချဖို့ အစီအစဉ် ရှိပါတယ်။

HD Hyundai က Avikus ကို လက်အောက်ခံ လုပ်ငန်းတစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ်မှာ စတင်ထူထောင်ခဲ့ပါတယ်။ 

HD Hyundai က ယခင် Hyundai Heavy Industries Group ဖြစ်ပြီး တောင်ကိုရီးယားမှာ အကြီးမားဆုံး သင်္ဘောကျင်းလုပ်ငန်း Hyundai Heavy Industries ကို လုပ်ကိုင်ပါတယ်။

#MyanmarLogisticsGuide 

Read times
Rate this item
(2 votes)