How To

Daewoo သင်္ဘောကျင်းကို ၂ ပိုင်းခွဲရန် အဆိုပြု

Daewoo သင်္ဘောကျင်းကို  ၂ ပိုင်းခွဲရန် အဆိုပြု

ကမ္ဘာ့တတိယအကြီးဆုံး သင်္ဘောတည်ဆောက်‌ရေးလုပ်ငန်း Daewoo သည် ၂၀၀၀ ပြည့်နှစ်ကတည်းက လိုအပ်ချက်ကြောင့်  တောင်ကိုရီးယားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့ရသည်။

၂၀၀၀ ပြည့်နှစ်မှစ၍ ဝယ်လက်များကို အကြိမ်ကြိမ် ကြိုးစားရှာဖွေခဲ့သော်လည်း နှစ်ပေါင်း ၂၀ ကြာခဲ့ပြီး မအောင်မြင်ခဲ့ချေ။

ယခု Daewoo Shipbuilding & Marine Engineering ကို ၂ ပိုင်းခွဲဖို့ ပြောဆိုဆွေးနွေးမှုများ ပေါ်ပေါက်လာသည်။

Daewoo ကို စစ်ဖက်ဆိုင်ရာ လုပ်ငန်းနှင့် အရပ်ဖက်ဆိုင်ရာလုပ်ငန်း ဟူ၍ နှစ်ပိုင်းခွဲလိုက်ပြီး စစ်ဖက်ဆိုင်ရာ မပါ၊  အရပ်ဖက်ဆိုင်ရာလုပ်ငန်းအပိုင်းအတွက် ဝယ်လက်များကို ရှာဖွေမည်။ ပြည်ပမှ ဝယ်လက်များကိုပါ ရှာဖွေမည် ဖြစ်သည်။ အခြားသင်္ဘောတည်ဆောက်ရေးလုပ်ငန်းကြီးတစ်ခုခုက သိမ်းသွင်းပေါင်းစည်းပြီး ပိုမိုတောင့်တင်းခိုင်မာအောင် ပြုခြင်းကိုလည်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။

တောင်ကိုရီးယား စက်မှုဝန်ကြီး Lee Chang-yang က နိုင်ငံ၏ ထိပ်တန်း သင်္ဘောတည်ဆောက်ရေး လုပ်ငန်း ၃ ခုဖြစ်သည့် Hyundai Heavy Industries, Samsung Heavy Industries, Daewoo တို့၏ စီအီးအိုတို့ကို ခေါ်ယူပြီး အစည်းအဝေးကျင်းပခဲ့သည်။ ထို့နောက် ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။ 

အစိုးရက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရှေ့သွားနောက်လိုက်ညီစွာ မဖြစ်မနေ လုပ်ကိုင်ပြီး ယခုအခါ သင်္ဘောသစ်အမှာစာများ များပြားနေသည်ကို အများဆုံးရရှိအောင် အခွင့်အလမ်းများကို ရယူရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အတွက် နည်းပညာသင်တန်းပေးခြင်းနှင့် အခြားအစပျိုး ပျိုးထောင်ပေးသည့် အစိုးရ အစီအစဉ်များ ရှိကြောင်းလည်း ဖော်ပြထားသည်။

စီအီးအိုတို့၏ တင်ပြဆွေးနွေးချက်များကို ထုတ်ဖော်ပြောကြားခြင်း မပြုပေ။ 

 

 

နောက်ခံကားချပ်

Daewoo Group သည် အာရှငွေကြေး အကျပ်အတည်းတွင် ပြိုလဲသွားခဲ့သည်။

ထိုအခါ Daewoo Group လက်အောက်မှ Daewoo သင်္ဘောကျင်းလုပ်ငန်းကို အစိုးရ ကျောထောက်နောက်ခံပြုသည့် Korea Development Bank(KDB) က ကယ်ဆယ်ပေးခဲ့သည်။ Daewoo ငွေစာရင်းထဲသို့ ဝမ် ၇ ထရီလီယံ ( ကန်ဒေါ်လာ ၅.၂ ဘီလီယံ) ထည့်ပေးခဲ့သည်။ ယခုအခါ Daewoo သင်္ဘောကျင်းလုပ်ငန်းတွင် ရှယ်ယာ ၅၅.၇% ကို KDB က ပိုင်ဆိုင်သည်။

စစ်ဖက်ဆိုင်ရာလုပ်ငန်းကဏ္ဍ ပါဝင်နေသဖြင့် Daewoo အတွက် ဝယ်လက်များကို KDB က ပြည်တွင်းမှာသာ ရှာဖွေခဲ့ရသည်။ 

ဆင်ပြောင်ကြီး အမြီးကျမှတစ် ဖြစ်နေစေသည့် အချက်မှာ လုပ်ငန်းတူ ကုမ္ပဏီကြီး နှစ်ခုတို့ တစ်ခုတည်းအဖြစ် ရပ်တည်ပါက လက်ဝါးကြီးအုပ် ဆန့်ကျင်တိုက်ဖျက်ရေး ဥပဒေနှင့် ငြိစွန်းနေခြင်း ဖြစ်သည်။ 

အရောင်းအဝယ် တေ့တေ့ဆိုင်ဆိုင် ဖြစ်ပြီးမှ ပွဲပျက်ခဲ့ရသည်။ နောက်ဆုံးအကြိမ် ကြုံခဲ့သည်မှာ ၂၀၁၉ ခုနှစ်တွင် Hyundai Heavy က ဝယ်ယူမည့် အစီအစဉ်ကို ဥရောပသမဂ္ဂ အီးယူက တားဆီးခဲ့သည်။ Daewoo ကို ဝယ်ယူပြီးပါက Hyundai Heavy သည် သဘာဝဓာတ်ငွေ့ရည် liquefied natural gas LNG တင်ဆောင်သည့် သင်္ဘောများ တည်ဆောက်သည့်ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်သွားလိမ့်မည်ဖြစ်သဖြင့် ကန့်ကွက်တားဆီးခြင်း ဖြစ်သည်။

နောက်ထပ်အခက်အခဲတစ်ခုမှာ ထိုစဉ်ကာလတွင် သင်္ဘောကျင်းလုပ်ငန်းဈေးကွက် အကျဘက် ရောက်နေခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ သင်္ဘောကျင်းလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသူ နည်းပါးနေခဲ့ပါသည်။ 

Daewoo ၏ ဘဏ္ဍာရေးအခြေအနေက ဆိုးဝါးလာနေသည်။

ဧပြီ မေ ဇွန် ၃ လပတ်တွင် လုပ်ငန်းလည်ပတ်စရိတ် အရှုံး ဝမ် ၉၉.၅ ဘီလီယံ ရှိခဲ့သည်။ ဆက်လက်ရပ်တည်ဖို့ အနိုင်နိုင် ဖြစ်နေသည်။

မကြာသေးခင်က Daewoo သင်္ဘောကျင်းတွင် အလုပ်သမားများ ဆန္ဒပြသပိတ်မှောက်ခဲ့ကြသည်။ ၎င်းတို့သည် Daewoo ထံမှ ကန်ထရိုက်ရယူထားသော လက်ခွဲကန်ထရိုက်လုပ်ငန်းများ၏ လုပ်သားများ ဖြစ်ကြပြီး လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုကြသည်။ ရက်ပေါင်း ၅၀ ကြာမြင့်သော သပိတ်ကြောင့် သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ ရပ်ထားရသည်။ သို့ဖြစ်ရာ သင်္ဘောတည်ဆောက်ပြီးစီးပြီး ပေးအပ်မည့်အချိန် နောက်ကျသည့်အတွက် ပေးလျော်ရမည့် လျော်ကြေးများ အပါအဝင် ဝမ် ၈၁၆.၅ ဘီလီယံ နစ်နာဆုံးရှုံးခဲ့သည်။

ထိုသပိတ်ကြောင့် တောင်ကိုရီးယား သမ္မတ ယွန်းဆော့ယောက Daewoo ကို ပြန်လည်ဖွဲ့တည်ရန်အတွက် ရှေ့ဆက်လုပ်ဆောင်ရန် စိတ်အားထက်သန်သွားစေခဲ့သည်။

Daewoo ၏ ဝင်ငွေတွင် စစ်ဖက်ဆိုင်ရာလုပ်ငန်းကဏ္ဍ၏ စစ်သင်္ဘောများ တည်ဆောက်ခြင်း၊ ရေငုပ်သင်္ဘောများ တည်ဆောက်ခြင်း၊ အခြား စစ်သုံး ပစ္စည်းကိရိယာများ၊ စက်ကိရိယာများ တည်ဆောက်ခြင်းတို့ထံမှ ရသောဝင်ငွေသည် ဝင်ငွေစုစုပေါင်း၏ ၂၀% ဝန်းကျင် ရှိသည်။ ထိုလုပ်ငန်းကဏ္ဍကို ပြည်တွင်းကုမ္ပဏီကိုသာ ရောင်းချရမည် ဖြစ်သည်။ 

အရပ်ဖက်ကဏ္ဍတွင် LNG သင်္ဘောများ၊ ကွန်တိန်နာသင်္ဘောများ တည်ဆောက်သည်။ ထိုလုပ်ငန်းကဏ္ဍကို ပြည်တွင်း ကုမ္ပဏီသုိ့ ဖြစ်စေ၊ ပြည်ပကုမ္ပဏီသို့  ဖြစ်စေ ရောင်းချနိုင်သည်။

Daewoo ကို ၂ ပိုင်းခွဲဖို့ အတိုင်ပင်လုပ်ငန်း ငှားရမ်းပြီး မူကြမ်းရေးဆွဲ စေရမည် ဖြစ်သည်။

 

 

အပြိုင်အဆိုင်နှင့် အောက်ကြေး

သင်္ဘောကျင်းကဏ္ဍတွင် ဂျပန်၊တရုတ်နှင့် တောင်ကိုရီးယားတို့က ကမ္ဘာ့သင်္ဘောတည်ဆောက်မှုဈေးကွက်တွင် ဝေစုအများဆုံး ရရှိထားကြသည်။  တောင်ကိုရီးယား သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများက LNG သင်္ဘောတည်ဆောက်ရေးကဣတွင် ဈေးကွက်ဝေစု အကြမ်းအားဖြင့် ၈၀% ဝန်းကျင် ရရှိထားသည်။

သို့သော် ဂျပန်နှင့် တောင်ကိုရီးယား သင်္ဘောတည်ဆောက်ရေးလုပ်ငန်းများသည် အမြတ်ရရှိဖို့ ရုန်းကန်နေကြရသည်။

 သင်္ဘောတည်ဆောက်ရေး လုပ်ငန်းကဏ္ဍသည် တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်တို့အကြား အပြိုင်အဆိုင် ပြင်းထန်နေသည်။ ဈေးနှုန်းများ လျှော့ချပေးပြီး ပြိုင်ဆိုင်နေကြသည်။

တရုတ်နိုင်ငံမှ China State Shipbuilding Corp က သက်သာသော ဈေးနှုန်းများဖြင့် အောက်ကြေးပေးကာ ကမ်းလှမ်းပြီး အမှာစာများကို ရယူနေသည်။ သို့ဖြစ်ရာ တောင်ကိုရီးယားမှ Hyundai Heavy နှင့် Samsung Heavy တို့က ဈေးချပေးပြီး ပြိုင်ဆိုင်နေကြရသဖြင့် အမြတ်ရဖို့ ခဲယဉ်းနေစေသည်။ 

#MyanmarLogisticsGuide

Telegram Channel https://t.me/Guid4U

Source: Asia.nikkei

Read times
Rate this item
(0 votes)