အာဆီယံ ကုန်သွယ်ရေး အရေးပါလာမယ့် ကုန်တွင်း ဆိပ်ကမ်း
လာအို၏ ကြီးမားသော ရည်မှန်းချက် ဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်သွယ်မှု အခွင့်အလမ်းများ ပိုမိုရရှိရေးကို ပံ့ပိုးပေးသည့် အဓိကကျသော ဒေသဆိုင်ရာ ကုန်းလမ်းဆက်သွယ်မှုတစ်ရပ် ဖြစ်ေပါ်လာရန်အတွက် လာအို-တရုတ် မြန်နှုန်းမြင့်ရထားလမ်းက ဖြည့်ဆည်းပေးနိုင်မည်ဟု မျှော်မှန်းထားသည်။
ဗီယင်ကျန်း-ဘိုတန် မီးရထားလမ်းဟုလည်း လူသိများသော ၄၂၂ ကီလိုမီတာ အရှည်ရှိ လျှပ်စစ်မီးရထားလမ်းသည် တရုတ်နိုင်ငံ၏ Belt and Road Initiative တွင် အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် လာအိုမြို့တော် ဗီယင်ကျန်းနှင့် တရုတ်နိုင်ငံ နယ်နိမိတ်ချင်းထိစပ်နေသော လာအိုမြောက်ပိုင်းရှိ ဘိုတန်မြို့တို့ကို ဆက်သွယ်ပေးထားသည်။
အဆိုပါ ရထားလမ်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းနှင့် စင်ကာပူကို ချိတ်ဆက်ပေးမည့် လာအို၊ ထိုင်း၊ မလေးရှားတို့ကို ဖြတ်သန်းထားသည့် ကူမင်း-စင်ကာပူ မီးရထားလမ်း စီမံကိန်း၏ အပိုင်းတစ်ခုလည်း ဖြစ်သည်။
ယမန်နှစ် ဒီဇင်ဘာ ၃ ရက်က ဖွင့်လှစ်ခဲ့သော လာအို-တရုတ် ရထားလမ်းသည် စျေးသက်သာပြီး မြန်ဆန်သည့်အပြင် ပိုမိုထိရောက်သော ခရီးသွားလာမှုပုံစံကို ပံ့ပိုးပေးကာ ကားလမ်းဖြင့် ၃-၅ ရက် ကြာသောခရီးကို တစ်ရက်သာ ကြာမြင့်မည် ဖြစ်သည်။
လာအို-တရုတ် ရထားလမ်းသည် ဗီယန်ကျင်းမြို့ပြင်တွင်ရှိသော လာအိုနိုင်ငံ၏ ပထမဆုံးသော ပေါင်းစည်းထောက်ပံ့ပို့ဆောင်ရေးဇုန် Vientiane Logistics Park (VLP) နှင့် Thanaleng Dry Port တို့နှင့်လည်း ချိတ်ဆက်ထားသည်။
အဆိုပါ logistics park နှင့် ကုန်းတွင်းဆိပ်ကမ်း dry port တို့ကို ၂၀၂၁ ဒီဇင်ဘာလ ၄ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
logistics park နှင့် dry port တို့သည် အာဆီယံမှ ကုန်စည်ပို့ဆောင်မှုများကို ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယင်ကျန်းမြို့သို့ နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရန်အတွက် လွယ်ကူချောမွေ့စေပါသည်။
ဗီယင်ကျန်းမြို့မှ ကုန်တင်ကွန်တိန်နာများကို လာအို-တရုတ် ရထားလမ်းတစ်လျှောက် ကုန်တင်ရထားများဖြင့် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော လာအို၏မြောက်ဘက်စွန်းသို့ သုံးရက်အတွင်း ပို့ဆောင်ပေးမည်ဖြစ်သည်။
ရိုင်ပေါင်း ၂၀၀၀ ခန့် ကျယ်ဝန်းေသာ logistics park နှင့် dry port စီမံကိန်းကို အမေရိကန်ဒေါ်လာ ၇၂၇ သန်း ရင်းနှီးမြှုပ်နှံပြီး အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော်သည်။ ၂၀၂၇ ခုနှစ်တွင် အပြီးသတ်ရန် မျှော်မှန်းထားသည်။
Thanaleng Dry Port စီမံကိန်းသည် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ Japan International Cooperation Agency (JICA) ၏ လေ့လာမှုအပေါ် အခြေခံထားသည်။ ထိုင်းနိုင်ငံမှ ကုန်စည်ပို့ဆောင်ရေး ကွန်တိန်နာများကို တစ်ရက်လျှင် ကွန်တိန်နာ ၈၀၀ ခန့်နှုန်းဖြင့် ကိုင်တွယ်ပေးရန် ရည်မှန်းထားသည်။
Thanaleng Dry Port မှ တစ်ဆင့် ပို့ဆောင်သော ကုန်စည်များ အားလုံးအတွက် တရုတ်နိုင်ငံသည် ခရီးဆုံး မဟုတ်ပေ။ အချို့ကုန်စည်များကို တရုတ်-ဥရောပ ရထားလမ်းဖြင့် ဥရောပဈေးကွက်သို့ ပေးပို့ကြမည် ဖြစ်သည်။
Source Bangkokpost
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U