ရုရှား-တရုတ် လေယာဉ်သစ် CR929 ကနဦးဒီဇိုင်းအဆင့်သို့ ရောက်ရှိ
COMAC ၏ ဒီဇိုင်နာချုပ် ပြောကြားချက်အရ CR929 သည် ကနဦး ဒီဇိုင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
CR929 သည် ယေဘူယျအယူအဆပုံဖော်အဆင့်ကို ပြီးမြောက်ခဲ့ပြီး ယခုအခါ ပဏာမ ဒီဇိုင်းအဆင့်သို့ ကူးပြောင်းရောက်ရှိနေပြီ ဖြစ်ကြောင်း C919 စီးရီး၏ အကြီးတန်း ဒီဇိုင်နာ Mr. Wu Guanghui က ကြာသပတေးနေ့တွင် ရှန်ဟိုင်း၌ ကျင်းပသော WDCC (World Design Cities Conference) 2022 ကို တက်ရောက်စဉ် ပြောကြားခဲ့ပါသည်။
"CR929 က အလယ်အလတ်နှင့် ခရီးရှည် ပျံသန်းတဲ့ ကိုယ်ထည်အကျယ် ခရီးသည်တင်လေယာဉ် ဖြစ်ပါတယ်။ ခရီးစဉ်အားလုံးရဲ့ ၉၅% ကို ပျံသန်းပြေးဆွဲပေးနိုင်ပါတယ်" ဟု Mr. Wu က ပြောကြားသည်။
တရုတ်နှင့် ရုရှား အစိုးရချင်း သဘောတူညီမှုကို ၂၀၁၆ တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ ၂၀၁၇ တွင် ဖက်စပ်လုပ်ငန်းကို ထူထောင်ခဲ့ကြပါသည်။
CR929-600 သည် ခရီးရှည်၊ ထိုင်ခုံ ၂၈၀ ခု၊ ကိုယ်ထည်အကျယ်၊ အင်ဂျင် ၂ လုံးတပ်၊ ခရီးသည်တင် လေယာဉ် ဖြစ်ပါသည်။
ရုရှားမှ လေကြောင်းနှင့် ကာကွယ်ရေးကော်ပိုရေးရှင်းဖြစ်သည့် United Aircraft Corporation UAC နှင့် တရုတ်မှ Commercial Aircraft Corporation of China, Ltd. (COMAC)တို့ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း Commercial Aircraft International Corp. (CRAIC) CRAIC မှ အကောင်အထည်ဖော်ပါသည်။ UAC နှင့် COMAC တို့သည် ၅၀/၅၀ ဆတူ အရင်းအနှီး ထည့်ဝင်ကြပါသည်။ စက်ရုံကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ထားရှိပါသည်။
အဓိက အခက်အခဲမှာ အင်ဂျင် ဖြစ်ပါသည်။ တရုတ်နှင့် ရုရှားတို့၌ သင့်လျော်သော အင်ဂျင်မရှိပေ။ ရှေ့ပြေးပုံစံများတွင် Rolls-Royce Trent 1000 သို့မဟုတ် General Electric GEnx-1B76 ကို အသုံးပြုရန် ၎င်းတို့က ဆုံးဖြတ်ခဲ့ကြသည်။
အင်ဂျင်များ ရရှိပါက ၂၀၂၃ တွင် စမ်းသပ်ပျံသန်းမှုများ စတင်နိုင်မည်။ ၂၀၂၅ တွင် လေယာဉ်များ စတင်ထုတ်လုပ်ပေးနိုင်မည်။ အင်ဂျင်များ ဝယ်ယူသုံးစွဲခွင့် ပိတ်ပင်ခံရလျှင် မည်မျှအထိ ကြာမြင့်ဦးမည်ကို မသိနိုင်တော့ချေ။
ယူကရိန်းကျူးကျော်စစ်ကြောင့် CRAIC တွင် ရုရှားနှင့် တရုတ် ပူးပေါင်းဆောင်ရွက်မှု လျော့ကျသွားစေခဲ့ပါသည်။
ရုရှားသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အပြည့်အ၀ ကြုံနေရသည်။ အင်ဂျင်အပါအဝင် အနောက်နိုင်ငံလုပ် အစိတ်အပိုင်းအများအပြားကို ရုရှားနိုင်ငံသို့ ရောင်းချခြင်းမပြုရန် တားမြစ်ထားသည်။
တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများသည် အနည်းအကျဉ်းမျှသာ ဖြစ်သည်။ သို့ဖြစ်ရာ ရုရှား မပါဝင်တော့လျှင် တရုတ်နိုင်ငံသည် အနောက်နိုင်ငံများမှ အရပ်ဘက်လေကြောင်းဆိုင်ရာ စက်ပစ္စည်းများကို ၀ယ်ယူနိုင်ေနသေးသည်။
ရုရှားအဆင့်မြင့်အရာရှိတစ်ဦးဖြစ်သော ရုရှားကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Denis Manturov က CR929 အစီအစဉ်အတွက် အနောက်တိုင်းအစိတ်အပိုင်းများကို အားမကိုးဘဲ ထုတ်လုပ်နိုင်ရန် ပြန်လည်ဒီဇိုင်းထုတ်ထားကြောင်း မေလတွင် ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်လ၊ ဇူလိုင်လတွင် ရုရှားစစ်ဘက်နှင့် လေကြောင်းဆိုင်ရာ လုပ်ငန်းများကို ကြီးကြပ်သည့် ရုရှားဒု-ဝန်ကြီးချုပ် Yuri Borisov က CR929 အစီအစဉ်သည် ရုရှားနိုင်ငံနှင့် ကိုက်ညီသည့် လမ်းကြောင်းသို့ မသွားတော့ကြောင်း လူသိရှင်ကြား ပြောကြားခဲ့ပြီး အဆိုပါ အစီအစဉ်တွင် ရုရှား၏ ပါဝင်ပတ်သက်မှုများ လျော့ကျသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရုရှားသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများ အပြည့်အ၀ ကြုံနေရသဖြင့် အသာနောက်ဆုတ်လိုက်ခြင်းဖြစ်မည်ဟု ယူဆကြသည်။
Source simpleflyin
#MyanmarLogisticsGuide
Telegram Channel https://t.me/Guid4U