ကုမ္ပဏီမှတ်ပုံတင်စနစ်သစ်တွင် အီလက်ထရောနစ် မှတ်ပုံတင်လက်မှတ် တစ်ခုသာ ထုတ်ပေးမည်ဖြစ်ပြီး၊ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်
များအတွက်အခြားမည်သည့် သက်သေခံအထောက်အထားများ ထုတ်ပေးမည်မဟုတ်ကြောင်းသိရပါသည်။
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ နှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ရန် အသိပေး ကြေညာချက်
၁။ ၂၀၁၈ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေ ၂၀၁၇ အာဏာတည်ခြင်းနှင့်အတူ ကုမ္ပဏီဆိုင်ရာ မှတ်ပုံတင်ခြင်းကိစ္စရပ်များအား အီလက်ထရောနစ် မှတ်ပုံတင်စနစ် Myanmar Companies Online (MyCO) ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ လည်းကောင်း၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်အရလည်းကောင်း ရှင်းလင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရန်နှင့် မှတ်ပုံတင်အထောက်အထားများ ခိုင်မာမှုရှိစေရန် ကုမ္ပဏီမှတ်ပုံတင်စနစ်သစ် Myanmar Companies Online (MyCO) အား တည်ထောင်အသုံးပြုလျက် ရှိပါသည်။
၂။ ကုမ္ပဏီမှတ်ပုံတင်စနစ်သစ်တွင် အီလက်ထရောနစ်မှတ်ပုံတင်လက်မှတ်တစ်ခုသာ ထုတ်ပေးမည်ဖြစ်ပြီး၊ မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များအတွက် အခြားမည်သည့်သက်သေခံအထောက်အထားများ ထုတ်ပေးမည်မဟုတ်ကြောင်း ဖော်ပြအပ်ပါသည်။ အီလက်ထရောနစ် မှတ်ပုံတင်စနစ်တွင် အများပြည်သူနှင့် သက်ဆိုင်သည့် ကုမ္ပဏီဆိုင်ရာ သတင်းအချက်အလက်များကို လွယ်ကူစွာ စစ်ဆေးအတည်ပြုနိုင်ရန် ဖော်ပြပေးထားပါသည်။ ထို့ပြင် လိုအပ်ပါက ကုမ္ပဏီဆိုင်ရာ အချက်အလက်များ ဝယ်ယူခွင့်ရနိုင်ရန် စီစဉ်လျက်ရှိပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ အရ ယခင်ဥပဒေဟောင်းနှင့် ဆောင်ရွက်ခဲ့သော ပုံစံများ သို့မဟုတ် လျှောက်လွှာများ ဥပမာ- အစုရှယ်ယာခွဲဝေမှု (ပုံစံ-၆)၊ ဒါရိုက်တာ အဖွဲ့ဝင်စာရင်း (ပုံစံ-၂၆)၊ နှစ်စဉ် အစီရင်ခံစာ (ပုံစံ-င) စသည့် ပုံစံဟောင်းများကို ကျင့်သုံးခြင်းမပြုတော့ပါ။
၃။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ အဓိက ပြောင်းလဲသွားသောအချက်များ လုပ်ထုံးလုပ်နည်းများ ပြောင်းလဲမှု အခြေအနေအရပ်ရပ်ကို ဝန်ကြီးဌာနများမှ အရာရှိကြီးများအား ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင် ရှင်းလင်းအသိပေးပြောကြားခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် အဆိုပါပြောင်းလဲမှုများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၈ သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲပါ စာအမှတ် စဘ/စီမံ-၁/၃/၃၅/(၆၅၉၆/၂၀၁၈) ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသို့ အသိပေးအကြောင်းကြားပြီးဖြစ်သည့်အပြင် ကုမ္ပဏီဆိုင်ရာ အချက်အလက်များကို MyCO မှ ရယူဆောင်ရွက်နိုင်ရေးအတွက် User ID နှင့် Password များကိုလည်း ပေးပို့ထားပြီး ဖြစ်ပါသည်။
၎။ သို့ဖြစ်ပါ၍ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆိုင်ရာကိစ္စများဆောင်ရွက်ရာတွင် အစိုးရဌာနများ၊ ဘဏ်များနှင့် အခြားအဖွဲ့အစည်းများကို အထက်အပိုဒ် ၂ ပါ ပုံစံအဟောင်းများ တင်ပြရန် မလိုအပ်ပါကြောင်းနှင့် လိုအပ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်ကို အထောက်အထားပြု၍ လုပ်ငန်းများ ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
Source : seebwarshin