ထောက်ပံ့ပို့ဆောင်ဖွဲ့စည်းမှု (Logistics) ကို အဓိပ္ပါယ်ဖွင့်ဆိုရာတွင် ကွဲပြားခြားနားမှုများရှိနိုင်ပါတယ်။ logistics ဟူသော စကားလုံးကို business dictionary တွင် အောက်ပါအတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားပါသည်-
စီမံကိန်း၊ လုပ်ငန်း၊ ဗျူဟာများနှင့် သက်ဆိုင်သည့် ရည်ရွယ်ချက်များကို ထမြောက်အောင်မြင်စေရန်အတွက် ပစ္စည်းများနှင့် အခြားအရင်းအမြစ်များကို ဝယ်ယူရာတွင်လည်းကောင်း၊ သယ်ယူရာတွင်လည်းကောင်း၊ ထိန်းသိမ်းသိုလှောင်ရာတွင်လည်းကောင်း၊ ဖြန့်ဖြူးရာတွင်လည်းကောင်း အစီအမံရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းချုပ်ခြင်း ဖြစ်တယ်။
“Council of Supply Chain Management Professionals” (CSCMP) ၏အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
ထောက်ပံ့ပို့ဆောင်စီမံခန့်ခွဲမှုသည် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်စီမံခန့်ခွဲမှု(supply chain) ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး စားသုံးသူ ဖောက်သည်များ၏ လိုအပ်ချက်ပြည့်ဝရေးအတွက် မူလထုတ်လုပ်သည့်နေရာမှ သုံးစွဲသည့်နေရာအထိ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် သတင်းအချက်အလက်များ အပြန်အလှန် စီးဆင်းမှုကို ထိရောက်တွင်ကျယ်မှုရှိစေရန်အတွက် အစီအမံများရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်း များပါဝင်ပါတယ်။
ထောက်ပံ့ပို့ဆောင်ဖွဲ့စည်းမှု လုပ်ငန်းစဉ်များတွင် နေရာဒေသတစ်ခုသို့ အဝင် (inbound) နှင့် အထွက် (outbound) သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု၊ ကုန်သိုလှောင်ခြင်း (warehousing)၊ ထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက် ကုန်ပစ္စည်းများ ကိုင်တွယ်ဆောင်ရွက်ခြင်း (materials handling) ကုန်အမှာစာ လက်ခံရရှိသည်မှ ဝယ်သူ(ဖောက်သည်) လက်ဝယ်ရောက်ရှိသည်အထိ ဆောင်ရွက်ရသည့် လုပ်ငန်းများ (order fulfilment)၊ ထောက်ပံ့ပို့ဆောင်ကွန်ယက်ပုံစံ (logistics network design)၊ လက်ဝယ်ရှိ ကုန်ပစ္စည်းများကို စီမံခန့်ခွဲခြင်း (inventory management)၊ ရောင်းလိုအားနှင့်ဝယ်လိုအားပေါ်မူတည်၍ အစီအမံရေးဆွဲခြင်း (supply/ demand planning)၊ တတိယပုဂ္ဂိုလ်(ကြားလူ)များမှ ပံ့ပိုးပေးသည့် ထောက်ပံ့ပို့ဆောင် ဝန်ဆောင်မှုများ (third party logistics service) ကို စီမံခန့်ခွဲခြင်း တို့ပါဝင်ပါတယ်။
ထို့ကြောင့် ထောက်ပံ့ပို့ဆောင်ဖွဲ့စည်းမှုတွင် လုပ်ငန်းချောမွေ့စေရေးအတွက် လိုအပ်သည့် အဆောက်အဦနှင့် ယာဉ်ယန္တရားများကို စီမံခန့်ခွဲခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လက်ကျန်ကုန်ပစ္စည်းစီမံခန့်ခွဲခြင်း၊ ကုန်ကိုင်တွယ် ဆောင်ရွက်ခြင်း၊ ကုန်ပစ္စည်းအမှာစာ၊ သုံးစွဲသူ (ဖောက်သည်)များ၏ လိုလားချက်ပြည့်မီအောင် ဆောင်ရွက်ပေးခြင်း၊ ဆက်သွယ်ခြင်း၊ တတိယပုဂ္ဂိုလ်ဝန်ဆောင်မှု၊ သတင်းအချက်အလက်များ ပါဝင်ပါသည်။
မူလပထမတွင် ထောက်ပံ့ပို့ဆောင်ဖွဲ့စည်းမှုကို တန်ဖိုးမြှင့်ထားသည့် လုပ်ငန်းဆောင်တာတစ်ခုအဖြစ် စဉ်းစား၍ ကုန်ကျစရိတ်ကို စီမံခန့်ခွဲရန် အတွက်သာ အာရုံစိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် ယှဉ်ပြိုင်ရာတွင် အသာစီးရမှု (competitive advantage) ၏ အရင်းအမြစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။
အရည်အသွေးမြင့်မားသည့် ထောက်ပံ့ပို့ဆောင် ဝန်ဆောင်မှုမှတစ်ဆင့် သုံးစွဲသူစိတ်ကျေနပ်မှု (customer value) ကိုပေးခြင်းဖြင့် ဈေးကွက်အတွင်း တူညီသောဈေးနှုန်းဖြင့် အရောင်းမြှင့်တင်မှုကို ဆောင်ရွက်ရန်ခက်ခဲသည့် နေရာဒေသများတွင်ပင် ကုမ္ပဏီများသည် ယှဉ်ပြိုင်နိုင်သည့်အနေအထားကို ရရှိစေပါတယ်။
Customer value ဆိုသည်မှာ ဖောက်သည်တစ်ဦးမှ ဝယ်ယူသုံးစွဲသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုအပေါ်တွင်ပေးရသည့် ငွေကြေးပမာဏနှင့် ထိုက်တန်သည်ဟု ခံစားရခြင်းကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုသည် အခြားပြိုင်ဘက်များ (ရွေးချယ်စရာများ)နှင့် နှိုင်းယှဉ်ပါက ထိုက်တန်သည်ဟူသော အသိအမြင်လဲ ဖြစ်ပါတယ်။
ထို့ကြောင့် ထောက်ပံ့ပို့ဆောင်စီမံခန့်ခွဲမှုကို အကောင်းဆုံးအသုံးချခြင်းဖြင့် အချိန်မှန်ပစ္စည်းများ အရောက်ပို့နိုင်ခြင်း၊ ကုန်ပစ္စည်းထိခိုက်ပျက်စီးမှု နည်းပါးခြင်း၊ လက်ကျန်ကုန်ပစ္စည်းကို ပြတ်လပ်မှု၊ပိုလျှံမှုမရှိစေဘဲ အကောင်းဆုံးအရေအတွက်တွင် ထားရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများမှတစ်ဆင့် သုံးစွဲသူစိတ်ကျေနပ်မှု ရရှိစေခြင်းနှင့် ယှဉ်ပြိုင်ရာတွင် အသာစီးရရှိခြင်းစသည့်တို့ကို စွမ်းဆောင်နိုင်မည်လဲ ဖြစ်ပါတယ်။
ထောက်ပံ့ပို့ဆောင် စီမံခန့်ခွဲမှုနယ်ပယ်တွင် အောက်ဖော်ပြပါ အဓိကအစိတ်အပိုင်းများ ပါဝင်ပါသည်-
• သယ်ယူပို့ဆောင်ရေးကွန်ယက်ဒီဇိုင်းပုံစံနှင့်စီမံခန့်ခွဲမှု
• ကုန်ပစ္စည်းသိုလှောင်သည့်နည်းစနစ်များ
• ထုတ်လုပ်သည့်လုပ်ငန်းစဉ်တွင် ကုန်ပစ္စည်းကိုင်တွယ်ဆောင်ရွက်မှု
• လက်ကျန်ကုန်ပစ္စည်းစီမံခန်ခွဲမှု
• ကုန်ပစ္စည်း အမှာစာစီမံခန့်ခွဲမှု နှင့် ကုန်ပစ္စည်းပေးပို့သည့်လုပ်ငန်းများ
• ကုန်ပစ္စည်းဝယ်ယူခြင်း
• သုံးစွဲသူ(ဖောက်သည်)ကိုပေးသည့်ဝန်ဆောင်မှု တို့လဲပါဝင်ပါတယ်။
Read More : ယနေ့ခေတ် ရေပန်းစားလာတဲ့ Logistics ဆိုတာဘာလဲ?
Source : Shipping and Logistics