Rules and Regulations

ကိုဗစ်တိုက်ဖျက်ရေး ရွှေလီနဲ့ကျယ်ဂေါင်က မြန်မာတွေ ထွက်ပေးဖို့ တရုတ်ညွှန်ကြား

တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကျယ်ဂေါင်မှာ ကိုဗစ်ရောဂါကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေး အစီအစဉ်အဖြစ် ပိုးသတ်ဆေးဖြန်းဖို့ စီစဉ်နေတာကြောင့်

မြန်မာနိုင်ငံသားတွေ ထွက်ခွာဖို့ ယူနန်နိုင်ငံခြားရေးရုံးက အကြောင်းကြားခဲ့ကြောင်း ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ရုံးက သောကြာနေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ ဝန်ထမ်းတွေကလွဲလို့ တရုတ်နိုင်ငံသားတွေပါ ထွက်ခွာဖို့ ညွှန်ကြားထားတဲ့ အစီအစဉ်အရ ရွှေလီ- ကျယ်ဂေါင်မှာရှိတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေလည်း ထွက်ခွာကြရမှာ ဖြစ်တယ်လို့ ဒေသခံ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မြန်မာနဲ့နယ်စပ် တရုတ်ရွှေလီနဲ့ ကျယ်ဂေါင်မြို့ရဲ့ အုပ်ချုပ်ရေးဧရိယာအတွင်းမှာ ပိုးသတ်တဲ့လုပ်ငန်းတွေကို နေရာအနှံ့လုပ်သွားဖို့ ရှိတဲ့အတွက် အဲဒီမှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေပါ ထွက်ခွာပေးရမယ်လို့ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံးက ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို အသိပေးလိုက်တာပါ။

ကူမင်းမြို့က မြန်မာကောင်စစ်ဝန်ချုပ်ရုံးက ယူနန်အစိုးရရဲ့ သဘောထားကို ဒီကနေ့ အောက်တိုဘာ ၂၉ ရက်မှာ တဆင့်ပြန်ပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့စာအရဆိုရင် မြန်မာနိုင်ငံသားအားလုံး နေရပ်ပြန်ရဖို့ သေချာပြီဖြစ်ကြောင်း ရွှေလီမြန်မာလူမှုကူညီနေရေးရဲ့ ဥက္ကဋ္ဌ မိုင်ကောင်းဆိုင်က ပြောပါတယ်။ တချို့လည်း ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံကို အပြီးပြန်ဖို့ ပြင်ဆင်နေကြောင်းလည်း သူကပြောပါတယ်။

“ ကျနော်တို့ရဲ့ မြန်မာနိုင်ငံသားက အထောက်အထား ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ် ဒီတရုတ်နှစ်သစ်ကူး မတိုင်ခင်တော့ မြန်မာပြည်ကို ပြန်ပို့မယ်လို့ သတင်းကြားပါတယ်။ အဲဒါသေချာပါတယ် မြန်မာပြည် ပြန်ရမယ့်သူတွေအတွက်၊ ကျနော်ကအစပေါ့ဗျာ။ ပေပြီးနေတဲ့သူလည်း ရှိပါတယ်၊ တကယ်လို့များ ရဲတွေကလာပြီးတော့ ခေါ်ပြီးမှ ပြန်ရမယ်ဆိုရင်လည်း ဘာတတ်နိုင်မှာလဲ အဲဒါမျိုးလည်း ပြန်ရမှာပဲလေ။”

ထုတ်ပြန်ချက်စာမှာ မပါပေမဲ့လည်း တရုတ်လုပ်ငန်းရှင်တွေကြားမှာ ပြောနေတဲ့ ကောလာဟလ သတင်းတခုအရ တရုတ်နိုင်ငံသားနဲ့ အိမ်ထောင်ကျပြီးတဲ့ မြန်မာအမျိုးသမီးတွေကိုလည်း နေရပ်ပြန်ရမယ့် စာရင်းထဲမှာထည့်ထားကြောင်း ရွှေလီမြို့က တခြားလူမှုကူညီရေးအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ဆေးဖြန်းတယ်ဆိုတာက တရုတ်အစိုးရဘက်က အကြောင်းပြချက်တခုသာ ဖြစ်တယ်လို့ သူတို့က ပြောတာပါ။

“ ဆေးဖြန်းမယ် ဆိုတာကတော့ ဒါက သူတို့ဟန်ပြ ပြရင်ပြမယ် သို့မဟုတ် သူတို့လက်တွေ့လုပ်ရင် လုပ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆေးဖြန်းတာတို့က နမူနာပဲ ပြပေးရုံပဲ ကျနော်တို့မြင်တာလေ၊ မြန်မာနိုင်ငံသားက လုံးဝ နေထိုင်ခွင့်မရှိတော့ဘူးလို့ ကျနော်တို့ မြန်မာပြည်သား တိုင်းရင်းသားကတော့ လောလောဆယ် အရင်ပြန်ရမယ်လို့တော့ ကျနော်တို့ သတင်းကြားထားပါတယ်။”

ဒီလိုမြန်မာပြည်ကို ပြန်လာတဲ့အခါမှာ ပိုင်ဆိုင်မှုပစ္စည်းတွေကို ယူဆောင်ခွင့်မရှိဘဲ ရောဂါထိန်းချုပ်နိုင်တဲ့ အခြေအနေအပေါ်မူတည်ပြီးမှသာ ပြန်လည်ယူဆောင်ခွင့်ပေးမယ်လို့ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တဆင့်ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ အရေးတကြီး ယူသွားချင်တဲ့ပစ္စည်း ရှိတယ်ဆိုရင် ဒေသခံဝန်ထမ်းတွေရဲ့ ဦးဆောင်မှုနဲ့ ယူခွင့်ပေးမှာဖြစ်ပြီး တရုတ်ပြည်ထဲကနေ နေ့ချင်းပြန်ထွက် ပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။

ယူနန်ပြည်နယ် နိုင်ငံခြားရေးဌာနက ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးကို အသိပေးပန်ကြားချက်ဟာ ရှင်းလင်းမှုမရှိဘူးလို့ မြန်မာကုန်သည်တွေက မြင်ပါတယ်။ ဘယ်နေ့အပြီးထွက်ခွာပေးရမယ်ဆိုတာလည်း ရေးမထားသလို ဒီအသိပေးချက်ဟာ တရုတ်ပြည်ထဲမှာရှိတဲ့ မြန်မာကုန်သည် လုပ်ငန်းရှင်တွေ၊ အလုပ်ရုံဂိုထောင်တွေပါ အကြုံးဝင်သလားဆိုတာကိုတော့ မရေးထားပါဘူး။ မြန်မာကုန်သည်တဦးက အခုလိုပြောပါတယ်။

“ ရှင်းရှင်းလင်းလင်းမရှိဘူး သူ့ဘက်တရုတ်ဘက် ထုတ်ပြန်တဲ့ဟာက။ ဆေးဖြန်းတယ်ဆိုတာက ကျယ်ဂေါင်တမြို့လုံးကို ဖြန်းမှာ၊ ကျယ်ဂေါင်က ၂.၃ ကီလိုပဲရှိတယ်၊ ဘာမှမဟုတ်ဘူး ကြားကောင်းရုံဆိုပြီးတော့သာ ဆေးဖြန်းရမှာဆိုပြီးတော့ ပြောလိုက်တာ။ ကျယ်ဂေါင်မြို့က ထွက်ပေးရမယ်။ ပြီးရင် တရုတ်နိုင်ငံကနေ ထွက်ခွာပေးရမယ်တဲ့ အဲလိုပါလာတာပဲ။”

ကိုဗစ်ကပ်ရောဂါ အကြောင်းပြပြီး မြန်မာနဲ့ ကုန်သွယ်နေတဲ့ နယ်စပ်ဂိတ်တွေအားလုံးကို တရုတ်ဘက်က ပိတ်ထားပါတယ်။ မြန်မာပြည်တွင်းမှာ ဖြစ်နေတဲ့ နိုင်ငံရေးကြောင့် နယ်စပ်ဒေသ မတည်ငြိမ်မှာကိုလည်း တရုတ်က စိုးရိမ်နေပုံရကြောင်း ကုန်သည်တွေက မြင်ပါတယ်။ ဒီရက်ပိုင်းထဲမှာလည်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တလျှောက်မှာ နယ်စပ်ခြံစည်းရိုးကာရံတာကို တရုတ်ဘက်က ဆက်တိုက်လုပ်နေတာပါ။

တရုတ်ဘက်မှာ ကပ်ရောဂါအကြောင်းပြပြီး မြန်မာနိုင်ငံသားတွေကို အစစ်အဆေးများနေသလို လုပ်ငန်းတွေလည်း အရင်ကလောက် မလည်ပတ်တော့လို့ ပြည်တွင်းပြန်လာသူက တဖြည်းဖြည်းများလာပါတယ်။

မူဆယ်အခြေစိုက် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကွန်ရက်က စာရင်းပြုစုထားတဲ့ အရေအတွက်အရဆိုရင် ဇူလိုင်လ ၂၆ ရက်နောက်ပိုင်းကစလို့ တရုတ်ပြည်ထဲက ပြန်လာတဲ့ မြန်မာနိုင်ငံသားဟာ သုံးလအတွင်းမှာ အယောက် ၁၄,၃၃၂ ရှိသွားပြီဖြစ်ပါတယ်။

 

VOA

Read times
Rate this item
(0 votes)