Rules and Regulations

သင်္ဘောလိုင်းများ ရုရှားကို လက်ရှောင်ကြတာ ဘာကြောင့်လဲ

သင်္ဘောလိုင်းများ ရုရှားကို လက်ရှောင်ကြတာ ဘာကြောင့်လဲ

ကွန်တိန်နာ သင်္ဘောလိုင်းကြီးများ ဖြစ်ကြတဲ့ MSC, Maersk, CMA CGM, Hapag-Lloyd, ONE တို့က ရုရှားကုန်စည် ဝန်ဆောင်မှု ရပ်ဆိုင်းထားကြပါတယ်။ ရေနံတင်သင်္ဘောများကလည်း ရုရှားရေနံကို လက်ရှောင်ထားကြပါတယ်။

အတိတ်ကိုပြန်လေ့လာရင် သင်ခန်းစာ ယူစရာ ရှိနေပါတယ်။

၂၀၁၉ ခုနှစ်မှာ အမေရိကန်က အီရန်ရေနံစိမ်း သယ်ယူတဲ့အတွက် တရုတ်ပြည် မဟာသင်္ဘောလိုင်းကြီး Cosco ရဲ့ လက်အောက်မှ လုပ်ငန်း Cosco Dalian ရေနံတင်သင်္ဘောကုမ္ပဏီကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်ပါတယ်။ Cosco Dalian ရဲ့ ရေနံတင်သင်္ဘော အစီး ၂၀ သာ အကျုံးဝင်ပါတယ်။
တစ်နွယ်ငင်တစ်စင်ပါမှာ စိုးရိမ်လို့ မိခင်လုပ်ငန်း Cosco ရဲ့ လက်အောက်မှ ရေနံတင်သင်္ဘော အစီး ၁၅၀ အကုန်လုံးကို အီရန်ရေနံစိမ်း လက်ရှောင်ထားလိုက်ပါတယ်။ ရေနံတင်သင်္ဘော လက်ငင်းအငှားဈေးနှုန်းများ ထိုးတက်သွားစေခဲ့ပါတယ်။

သင်္ဘောလုပ်ငန်းများက ဒဏ်ခတ်အရေးယူမှုကို အလွန်သတိထားပြီး ဂရုစိုက်ကြပါတယ်။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုမှာ အသေအချာ အကျုံးဝင်တဲ့ ကုန်စည်များ၊ သင်္ဘောများကိုသာမက တစ်ချိန်မဟုတ် တစ်ချိန်ချိန်မှာ ဒဏ်ခတ်ပိတ်ဆို့အရေးယူလိမ့်မယ်လို့ ယုံကြည်ယူဆရတဲ့ ကုန်စည်များ၊ သင်္ဘောများ၊ ဆိပ်ကမ်းများကိုပါ ကြိုကြိုတင်တင် လက်ရှောင်ထားလိုက်ကြပါတယ်။ ဒဏ်ခတ်အရေးယူမှာ သေချာနေတော့ ဒဏ်ခတ်အရေးယူကြောင်း ကြေညာတာကို စောင့်မနေကြတော့ဘူး။ 
ယခုလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူမှု မကြေညာခင်ကတည်းက ရုရှားရေနံကို လက်ရှောင် ထားလိုက်ကြတယ်။ ကွန်တိန်နာများထဲ ထည့်ထားတဲ့ ကုန်စည်များမှာ စစ်ရေးအတွက် သုံးစွဲတဲ့ ကုန်စည်အမျိုးအမည်များ၊ အရပ်ဘက်အတွက်သာမက စစ်ရေးအတွက်ပါ သုံးနိုင်တဲ့ ကုန်စည် အမျိုးအမည်များ အချိန်မရွေး ပါလာနိုင်တာကြောင့် ကွန်တိန်နာသင်္ဘောလိုင်းတွေ ရုရှားကို လက်ရှောင်လိုက်ကြတယ်။
ရေနံတင်သင်္ဘောပိုင်ရှင်များ၊ ကွန်တိန်နာသင်္ဘောလိုင်း အော်ပရေတာများက သူတို့ရဲ့ သင်္ဘောတွေကို ရုရှားနှင့် ကင်းအောင် လုပ်ကြတယ်။


ဖေဖော်ဝါရီလ ၂၂ ရက် အင်္ဂါနေ့မှာ ကမ္ဘာ့ထိပ်တန်း သင်္ဘောလိုင်း ကုမ္ပဏီကြီး ၃ ခု ဖြစ်ကြတဲ့ MSC, Maersk နှင့် CMA CGM တို့က ရုရှားမှ booking တွေ လက်မခံဘဲ ယာယီရပ်ဆိုင်းထားလိုက်ကြပါတယ်။
ပဉ္စမအကြီးဆုံး ကွန်တိန်နာလိုင်း five Hapag-Lloyd က ဖေဖော်ဝါရီလ၂၄ ရက် ကြာသပတေးနေ့မှာ ရုရှားမှ booking တွေ လက်မခံဘဲ ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။
ဆဌမအကြီးဆုံး ကွန်တိန်နာလိုင်း ONE က ဖေဖော်ဝါရီလ ၂၇ ရက် တနင်္ဂနွေနေ့မှာ ရုရှားကုန်စည် booking တွေ လက်မခံဘဲ ယာယီရပ်ဆိုင်းထားလိုက်ပါတယ်။
ရေကြောင်း ဥပဒေလုပ်ငန်း Crowell & Moring မှ ဥပဒေပညာရှင် Michelle Linderman က "ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ နစ်နာဆုံးရှုံးမယ့်အရေးကို စီမံကြတာဖြစ်တဲ့အပြင် နာမည်ကောင်း ဂုဏ်သိက္ခာကို ထိခိုက်မယ့်အရေးကိုလည်း စီမံတာ ဖြစ်ပါတယ်" လို့ သုံးသပ်ပါတယ်။
"ရုရှားကို ထောက်ခံတယ်လို့ သူတို့ကို အထင်အမြင် မခံနိုင်ဘူး" လို့က သူက ပြောပြပါတယ်။

ရေနံတင်သင်္ဘောမှာလည်း ပိုင်ရှင်တွေ၊ အော်ပရေတာတွေက အလားတူ လုပ်ဆောင်ကြပါတယ်။ စီးပွားရေး ပိတ်ဆို့မှု မပြဋ္ဌာန်းသေးသော်လည်း ရုရှားရေနံကို ပို့ဆောင်ပေးဖို့ ငြင်းဆန်ကြတယ်။


"ရုရှားကုန်စည်ကို ဟင့်အင်းလို့ ငြင်းကြတာ သင်္ဘောက သူ့ချည်းသက်သက် လုပ်လို့မရဘူး။ ဘဏ်တွေ ပါတယ်။ အာမခံလုပ်ငန်းတွေပါတယ်။ shipper လည်းပါရတယ်။ ကုန်ချမယ့် ဆိပ်ကမ်းတွေလည်း ပါတယ်။ ချာတာငှားတဲ့သူလည်း ပါတယ်။ သူတို့အထဲမှာ ရုရှားဆိုရင် ဟင့်အင်းလို့ ဆိုတဲ့သူပါရင် ကုန်စည်ပို့ဆောင်မှု မပြီးစီးနိုင်တော့ဘူး။ ကုန်ချမယ့် ဆိပ်ကမ်းက ဟင့်အင်းဆိုရင် ကုန်ချလို့ မရဘူး။ အာမခံက ဟင့်အင်းဆို အာမခံ မထားဘဲ သယ်လို့ မရဘူး" လို့ သူက ရှင်းပြပါတယ်။
"ရုရှားကုန်စည်နဲ့ ပတ်သက်မိရင် ဒဏ်ခတ်အရေးယူခံရတဲ့ စာရင်းထဲ သူတို့ ပါသွားနိုင်တယ်။ ဒီတော့ ဟင့်အင်းလို့ ငြင်းတာညသဘာဝကျပါတယ်" လို့ Linderman က ရှင်းပြပါတယ်။

ရုရှားမှ တင်ပို့တဲ့ ယူရယ် ရေနံစိမ်း (Urals crude oil) သယ်ပို့ပေးမယ့် ရေနံတင်သင်္ဘော နည်းနေတဲ့အတွက် ယူရယ်ရေနံစိမ်း ဈေးကျတယ်။ ရေနံတင်သင်္ဘောခ ဈေးတက်တယ်။
စည် ၇၅၀,၀၀၀ အထိ တင်ဆောင်နိုင်တဲ့ ရေနံတင်သင်္ဘောဆိုရင် တစ်ရက်ကို ရုရှားက ယူကရိန်းကို မကျူးကျော်ခင်က အမေရိကန်ဒေါ်လာ ၅,၀၀၀ ပေးရပြီး ယခု တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀ ပေးရပါတယ်။

ယူရယ်ရေနံစိမ်းကို လျှော့ဈေးဖြင့် ရောင်းနေတဲ့အတွက် သင်္ဘောခက အကြောင်းမဟုတ်တော့ဘူး။ တွက်ခြေကိုက်တာကြောင့် သင်္ဘောရဖို့ကသာ အဓိက ဖြစ်နေတယ်။


စည် ၃ သန်း တင်ဆောင်နိုင်တဲ့ ဧရာမ ရေနံစိမ်းတင်သင်္ဘော very large crude carriers (VLCC) အဖို့ ယူရယ်ရေနံစိမ်းအတွက် ၂၀၁၅ ခုနှစ်နှင့်နောက်ပိုင်း တည်ဆောက်ထားတဲ့ VLCC တစ်စီး တစ်ရက်ငှားရမ်းခ အမေရိကန်ဒေါ်လာ ၂၇၅,၀၀၀ ဖြစ်ပါတယ်။

စူးအက်တူးမြောင်းဖြတ်သန်းဖို့ အကြီးဆုံး အရွယ်အစား Suezmaxe ရေနံစိမ်းတင်သင်္ဘော တစ်စီး သယ်ဆောင်နိုင်စွမ်းက စည်း ၁ သန်း ဖြစ်ပြီး တစ်ရက်ငှားရမ်းခ ၂၈,၀၀၀ ဖြစ်ပါတယ်။

freightwaves.com

Read times
Rate this item
(0 votes)