မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတွင် ၂ဝ၂၂ ရက်နေ့၊ဧပြီလ (၁) ရက်နေ့မှ စ၍ MACCS စနစ်အား စတင်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာ
အကောက်ခွန်ဦးစီးဌာနမှ သက်ဆိုင်ရာဝန်ထမ်းများ၊ မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသမှ အကောက်ခွန်ဝန်ထမ်းများ၊ ဌာနဆိုင်ရာ မိတ်ဖက်အဖွဲ့ အစည်းများ၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ ကုန်ပစ္စည်း တင်သွင်း တင်ပို့သည့် ကုမ္ပဏီများနှင့် အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ကြ သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသတွင် MACCS စနစ် အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိ ပါသည်။
MACCS စနစ်အား ရန်ကုန်ဧရိယာတွင် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ၌လည်းကောင်း၊ မြဝတီနယ်စပ်ဒေသတွင် ၂၀၁၈ ခုနှစ် ဇွန်လ၌ လည်းကောင်း စတင်အသုံးပြုဆောင်ရွက်ခဲ့ပြီး ယခုအခါ တိုးချဲ့ဒေသအဖြစ် မူဆယ်နယ်စပ်ဒေသ နှင့် ချင်းရွှေဟော်နယ်စပ်ဒေသတွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး Private User များအတွက် လက်တွေ့လေ့ကျင့်သင်ကြားခြင်းသင်တန်းများ ဖွင့်လှစ်ပို့ချ ခြင်း၊ ကုန်သွယ်မှု ဆက်စပ်ဌာနများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ခြင်းနှင့် MACCS စနစ်အသုံးပြုမှု ဆိုင်ရာ သင်တန်းများပေးခြင်း စသည်တို့အား ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။
အကောက်ခွန်ဦးစီး ဌာနအနေဖြင့် မူဆယ်နယ်စပ်ဒေသ၊ ချင်းရွှေဟော် နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ စစ်ဆေးရေးစခန်းများတွင် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစတင်၍ မြန်မာ ကုန်ပစ္စည်းအလိုအလျောက်ရှင်းလင်း ရေးနှင့် ထိန်းချုပ်ရေးစနစ် (Myanmar Automated Cargo Clearance System - MACCS) အား အပြည့်အဝ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
အကောက်ခွန်ဦးစီးဌာန