အစ္စလာမာဘတ်လေဆိပ်မှ ဝန်ထမ်းများကို စမတ်ဖုန်းအသုံးပြုခွင့် ပိတ်ပင်
ပါကစ္စတန် မြို့ပြလေကြောင်း အာဏာပိုင် Pakistan Civil Aviation Authority (PCAA) က အစ္စလမ်မာဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ် Islamabad International Airport တွင် အောက်ခြေအဆင့် ဝန်ထမ်းများကို လေဆိပ်ပရဝုဏ်အတွင်း စမတ်ဖုန်း အသုံးပြုခွင့် တားမြစ်ပိတ်ပင်ကြောင်း ညွှန်ကြားချက် ထုတ်ပြန်သည်။
အကယ်၍ ဖုန်းသုံးလိုပါသည်ဆိုလျှင် ကီးပက်ဖုန်း သုံးစွဲနိုင်သည်ဟု ဆိုသည်။
အစ္စလမ်မာဘတ်လေဆိပ်စီမံခန့်ခွဲရေးက မေလ ၁၇ ရက်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရာ လေဆိပ်လုံခြုံရေးအတွက် စောင့်ကြည့်လေ့လာခဲ့ရာ၌ ဝန်ထမ်းများသည် စမတ်ဖုန်းကို မဆင်မခြင် အသုံးပြုနေကြသည်ကို တွေ့ရသဖြင့် မလိုလားအပ်သော လုံခြုံရေး ကျိုးပေါက်မှုများ ဖြစ်ပွားနိုင်သည်ဟု ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
လေဆိပ်တွင် လုံခြုံရေးအတွက် အရေးပါသော နေရာများတွင် စမတ်ဖုန်းဖြင့် ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများ ပြုကြပြီး TikTok အပါအဝင် လူမှုရေးရာမီဒီယာ ပလက်ဖောင်းများပေါ် တင်ပြကြသည်။ မသမာသူများက လုံခြုံရေးကို ထိပါးချိုးဖောက်ရန် အထောက်အကူ ဖြစ်နေစေသည်ဟု ညွန်ကြားချက်တွင် ရှင်းပြထားသည်။
PCAA က အဆင့်နိမ့်သည့် ဝန်ထမ်းများ လေတိပ်ပရဝုဏ်အတွင်းသို့ စမတ်ဖုန်း ယူလာခြင်း၊ အသုံးပြုခြင်းတို့ကို တားမြစ်ရန် ညွှန်ကြားသည်ဟု အစ္စလမ်မာဘတ် လေဆိပ်စီမံခန့်ခွဲရေးက ပြောကြားသည်။ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ဖို့ အင်္ဂါရပ်မပါသည့် ကီးပတ်ဖုန်းများကို လုပ်ငန်းခွင်တွင် သုံးစွဲနိုင်ကြောင်း ညွှန်ကြားချက်တွင် အသိပေးတိုက်တွန်းထားသည်။
ဌာနမှူးများ၊ လေကြောင်းလိုင်းများသည် ဤညွှန်ကြားချက်ကို တိတိကျကျ လိုက်နာစောင့်ထိန်းရမည်ဟု ညွှန်ကြားချက်တွင် ဖော်ပြပါရှိပါသည်။
အစ္စလမ်မာဘတ် အပြည်ပြည်ဆိုင်ရာ လေဆိပ် Islamabad International Airport သည် အင်္ဂလိပ်စာ အက္ခရာ Y ပုံဖြင့် ဒီဇိုင်းထုတ်ထားသည်။ ပြင်သစ်ကုမ္ပဏီ Aeroports De Paris Ingenierie နှင့် စင်ကာပူအခြေစိုက် ကုမ္ပဏီ CPG Corporation of Singapore တို့က ဒီဇိုင်းထုတ်ပေးထားသည်။ တစ်နှစ်လျှင် ခရီးသည် ၁၅ သန်းအထိ ကိုင်တွယ်ပေးနိုင်သေ လေးထပ်အဆောက်အဦဖြစ်သည်။ ၂၀၁၈ မေလ ၁ ရက် အလုပ်သမားနေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။