ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန်ကိစ္စနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနက ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့ ရက်စွဲဖြင့် အောက်ပါအတိုင်း အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သည်။
အာရှနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ (၄၅) ရက် အတွင်းလည်းကောင်း၊ အာရှနိုင်ငံများမှအပ အခြားနိုင်ငံများသို့ တင်ပို့သည့် ပို့ကုန်များအတွက် ပို့ကုန်ရငွေကို တင်ပို့သည့်နေ့မှ ရက်ပေါင်း (၉၀) အတွင်းလည်းကောင်း …
မြန်မာနိုင်ငံအတွင်းရှိ ပို့ကုန်တင်ပို့သူ၏ ဘဏ်ငွေစာရင်းသို့ နိုင်ငံခြားငွေဖြင့် မပျက်မကွက် ထည့်သွင်းရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ် တွေ့ရှိရပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၂ ဖြင့် ထုတ်ပြန်ထားသည်။
အဆိုပါ သတ်မှတ်ချက်အရ ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်းမရှိသည့် ကုမ္ပဏီများနှင့် စပ်လျဉ်း၍ အောက်ပါအတိုင်း စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
- မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပြည်ပပို့ကုန်တင်ပို့ပြီးနောက် သတ်မှတ်ကာလအတွင်း ပို့ကုန်ရငွေ ပေးသွင်းရန်ကျန်သည့် ကုမ္ပဏီစာရင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ပေးပို့ခြင်း၊ တစ်ချိန်တည်းတွင် သက်ဆိုင်ရာ AD ဘဏ်များ သို့ အကြောင်းကြားခြင်း၊
- ကုန်သွယ်ရေးဦးစီးဌာနသည် အဆိုပါကုမ္ပဏီစာရင်းကို ပို့ကုန်ရငွေ ပြန်လည်ပေးသွင်းနိုင်ရေးအတွက် UMFCCI သို့ ထပ်ဆင့် အကြောင်းကြားခြင်း၊
- ကုန်သွယ်ရေးဦးစီးဌာနက ကုမ္ပဏီများသို့ အသိပေး အကြောင်းကြားပြီးနောက် ရက်သတ္တ (၂) ပတ်အတွင်း ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ခြင်း မရှိသည့် ကုမ္ပဏီများကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းခြင်း၊
- မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ကြောင်း စာရင်းရှင်းလင်းပြီးသည့် ကုမ္ပဏီများ စာရင်းကို ကုန်သွယ်ရေးဦးစီးဌာနသို့ အကြောင်းကြားလာပါက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ပြန်လည် ဖွင့်လှစ်ပေးခြင်း။
ထို့ကြောင့် စာရင်းရှင်းလင်းမှု မရှိသည့် ကုမ္ပဏီများအား အထက်ပါ အစီအမံအတိုင်း ဆောင်ရွက်သွားမည် ဖြစ်ပြီး၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင် ပိတ်သိမ်းပြီးသည့်တိုင် စာရင်းရှင်းလင်းမှု မရှိသည့် ကုမ္ပဏီများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ က အရလည်း အရေးယူသွားမည် ဖြစ်သောကြောင့် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း အပြီးပေးချေရန် လိုအပ်သည်။