မြန်မာ့ကမ်းရိုးတန်းသည် မြောက်ဖက်အစွန်ဆုံး ( ဘင်္ဂလားဒေ့ချ်နိုင်ငံနယ်စပ် ) နတ်မြစ်ဝမှ တောင်ဖက် အစွန်ဆုံး ( ထိုင်းနိုင်ငံနယ်စပ် ) ဘုရင့်နောင်အငူအထိ တည်ရှိပြီး ရခိုင်ကမ်းရိုးတန်း ၇၁၃ ကီလိုမီတာ၊ မြစ်ဝကျွန်းပေါ် ၄၃၇ ကီလိုမီတာနှင့် တနင်္သာရီကမ်းရိုးတန်း ၁,၀၇၈ ကီလိုမီတာ ဖြစ်ကာ စုစုပေါင်း ကမ်းရိုးတန်းအလျား အရှည်မှာ (၂,၂၂၈) ကီလိုမီတာ ( ရေမိုင်အားဖြင့် ၁,၂၆၀ ကီလိုမီတာ ) ရှည်လျားသည်။
ယင်းကမ်းရိုးတန်းတစ်လျှောက်တွင် ကုန်သွယ်မှုဆိပ်ကမ်း (၁၀) ခု ( ရန်ကုန်ဆိပ်ကမ်း ဧရိယာတွင် အတွင်းဆိပ်ကမ်းအဖြစ် ရန်ကုန်ဆိပ်ကမ်းနှင့် အပြင်ဆိပ်ကမ်းအဖြစ် သီလဝါဆိပ်ကမ်း ဟူ၍ နှစ်ခု ရှိသည်။ ) ရှိပြီး တစ်နိုင်ငံလုံး၏ ကုန်သွယ်မှု (၇၅) ရာခိုင်နှုန်းခန့်သည် အဆိုပါ ရေကြောင်းကုန်သွယ်မှုလုပ်ငန်းများမှ ရရှိခြင်း ဖြစ်သည်။
သို့ရာတွင် တစ်နိုင်ငံလုံး၌ ရန်ကုန်ဆိပ်ကမ်း ( သီလဝါဆိပ်ကမ်းအပါအဝင် ) တစ်ခုသာ နိုင်ငံတကာ ကုန်သွယ်ရေးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီး ကျန်မြို့ (၈) မြို့ရှိ ဆိပ်ကမ်းများသည် ပင်လယ်ရေကြောင်းလမ်းဖြင့် ကုန်သွယ်မှု ဆောင်ရွက်နေသော်လည်း ပြည်တွင်းဆိပ်ကမ်း အဆင့်သာ ရှိသည်ဟု သိရသည်။
ရေကြောင်းကုန်သွယ်မှုလုပ်ငန်း အားလုံး၏ အသက်သွေးကြောဖြစ်သော ဆိပ်ကမ်းတစ်ခုချင်းစီ အကြောင်းကို အောက်တွင် ဆက်လက် ဖတ်ရှုနိုင်သည်။
ကုန်သွယ်မှုဆိပ်ကမ်းများ
Advertisement
Click Here > Myan Express Logistics
အလောင်းမင်းဘုရားလက်ထက် ၁၇၅၅ ခုနှစ်မှ စတင်၍ ရန်ကုန်ကို ပင်မဆိပ်ကမ်းအဖြစ် လုပ်ငန်းလည်ပတ်ခဲ့သည်။ ရန်ကုန်ဆိပ်ကမ်းသည် အဓိက နိုင်ငံတကာ ဆိပ်ကမ်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ ရေကြောင်းဖြင့် ကုန်သွယ်မှုပမာဏ၏ (၉၀) ရာခိုင်နှုန်းကျော်အား ကိုင်တွယ် ဆောင်ရွက်ပေးလျက် ရှိသည်။
ဆူးလေ၊ ဗိုလ်အောင်ကျော်၊ ထီးတန်း၊ အလုံ၊ ယုဇန အစရှိသဖြင့် ဆိပ်ကမ်းနေရာနှင့် ဆိပ်ခံတံတား (၁၀) ခုရှိပြီး ယင်းဆိပ်ကမ်းအားလုံးကို ရန်ကုန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ထားသည်။ ဆိပ်ကမ်းအတွင်းဧရိယာတွင် အလျား ၁၆၇ မီတာ၊ ရေစူး ၉ မီတာနှင့် တန်ချိန် ၁၅၀ဝ၀ (DWT) ရှိ သင်္ဘောကြီး များ ဝင်ထွက် ဆိုက်ကပ် နိုင်သည်။
ရန်ကုန်ဆိပ်ကမ်းတွင် ကုန်သေတ္တာများ ကိုင်တွယ်ဆောင်ရွက်မှုကို ယခင်က မြန်မာ့ဆိပ်ကမ်းအာဏာပိုင် တစ်ခုတည်းကသာ ဆောင်ရွက်နေခဲ့သော်လည်း ယခုအခါ ပုဂ္ဂလိကကုမ္ပဏီများကပါ ကုန်သေတ္တာ ကိုင်တွယ် ဖြေရှင်းရေးလုပ်ငန်းကို ဝင်ရောက် လုပ်ကိုင်ခွင့်ပြုထားသည်။
၁၉၉၈ ခုနှစ်တွင် လုပ်ငန်းစတင် လည်ပတ်ခဲ့သော မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း (သီလဝါ) သည် ကျောက်တန်းမြို့နယ်တွင် တည်ရှိပြီး အပြည်ပြည်ဆိုင်ရာ ကွန်တိန်နာများ သယ်ယူ ပို့ဆောင်ပေးနေသည့် အကြီးဆုံးသော ရေနက်ဆိပ်ကမ်း ဖြစ်သည်။
ရန်ကုန်မြို့၏ တောင်ဘက် ၂၅ ကီလိုမီတာ (၁၈ မိုင်) အကွာတွင် တည်ရှိပြီး တစ်နေ့လျှင် ၂၄ နာရီ၊ တစ်ပတ် ခုနှစ်ရက်ပတ်လုံး လုပ်ငန်းဆောင်ရွက်လျက် ရှိသည်။ သီလဝါဧရိယာတွင် အလျား ၂၀ဝ မီတာ၊ ရေစူး ၉ မီတာနှင့် တန်ချိန် ၂၀,ဝ၀ဝ ရှိ သင်္ဘောကြီးများ ဝင်ထွက် ဆိုက်ကပ်နိုင်သည်။
ရန်ကုန်ဆိပ်ကမ်း၊ ရန်ကုန် အတွင်းဆိပ်ကမ်း ဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား (၂၇) စင်းနှင့် သီလဝါ အပြင်ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား (၁၉) စင်း၊ စုစုပေါင်း တံတား (၄၆) စင်းကို တစ်ပြိုင်နက်တည်း ဝန်ဆောင်မှုပေးလျက် ရှိသည်။
စစ်တွေဆိပ်ကမ်းကို ၂၀၀၈ ခုနှစ်တွင် အိန္ဒိယအစိုးရ၏ ဒေါ်လာသန်း (၅၀၀) မတည်ငွေဖြင့် စတင် တည်ဆောက်ခဲ့ပြီး ရေလမ်းကြောင်းမှ ရေစူး ၂၂ ပေအထိ သင်္ဘောကြီးများ ဝင်ထွက်နိုင်ပြီး ပေ ၄၅၀ နှင့် တန်ချိန် ၁၀,၀၀၀ ရှိသော ရေယာဉ်များ ဆိုက်ကပ်နိုင်သည်။
အဓိက ဆိပ်ကမ်းဧရိယာ (၂) ခု ခွဲခြားထားပြီး အကြီးဆုံးမှာ စစ်တွေမြို့လယ်ရှိ ကြယ်ငါးပွင့်ဂိတ် ဖြစ်ကာ ဒုတိယမှာ စစ်တွေမြို့ တောင်ပိုင်းရှိ မင်းဂံဆိပ်ကမ်း ဖြစ်သည်။ နှစ်ခုစလုံးသည် ၂၃၅ မီတာ ကျယ်ဝန်းသော ကွန်ကရစ် ဆိပ်ခံတံတားများ ဖြစ်သည်။
ကျောက်ဖြူဆိပ်ကမ်းကို အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်း ဗြိတိသျှအစိုးရက ၁၈၃၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ရခိုင်ပြည်နယ်ထဲတွင် တည်ရှိပြီး ပေ ၁,၀၀၀ အထက် ကုန်တင် သင်္ဘောကြီးများ ဝင်ထွက် သွားလာနိုင်သော ကုန်စည်တင်ပို့ရာ ရေနက်ဆိပ်ကမ်း အမျိုးအစား ဖြစ်သည်။
အဆိုပါ ရေနက်ဆိပ်ကမ်းသည် စီမံကိန်းတစ်ခုအဖြစ် တည်ရှိကာ ရေနက်ဆိပ်ခံတံတား အမှတ် (၁) နှင့် အမှတ် (၂) တို့တွင် ဒေသတွင်းသင်္ဘောများသာ ဆိုက်ကပ်နိုင်သေးသဖြင့် ရေနက်ဆိပ်ကမ်း အထောက်အကူပြုနိုင်သည့် ဆိပ်ခံတံတားများကို ထပ်မံ တည်ဆောက်နေသည့်အတွက် နောင်တွင် တံတား (၄) စင်းအထိ ရှိလာမည် ဖြစ်သည်။
သဗြုချိုင်ဗောတံတား၊ လုံးသာချိုင့်အနီး ကျောက်ချစခန်းနှင့် သဗြုချိုင်အနီး ကျောက်ချစခန်းများ ရှိကာ ပေ ၂၀၀ မှ ၂၄၀ အလျားရှိပြီး ကုန်ပစ္စည်း တန်ချိန် ၁,၅၀၀ မှ ၃,၀၀၀ တန်ထိ တင်ဆောင်ထားသည့် ရေယာဉ်များ ဆိပ်ကမ်းသို့ ဆိုက်ကပ်နိုင်သည်။
သံတွဲဆိပ်ကမ်းသည် အဓိကအားဖြင့် သင်္ဘောကြီးများ ဝင်ထွက်မှုအတွက် ရေကြောင်းပြလုပ်ငန်း၊ သင်္ဘောကိုယ်စားလှယ်လုပ်ငန်းနှင့် ကုန်တင်ကုန်ချ လုပ်ငန်းများကို ဆောင်ရွက်ပေးသည်။
အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအတွင်း ၁၈၂၆ ခုနှစ်တွင် ပုသိမ်ဆိပ်ကမ်းကို တည်ဆောက်ခဲ့သည်။ ပုသိမ်ဆိပ်ကမ်းသည် ဧရာဝတီတိုင်းဒေသကြီးအတွက် ပို့ကုန်၊ သွင်းကုန်များ မှာယူ တင်ပို့ရာတွင် အရေးပါသော ဆိပ်ကမ်း ဖြစ်ပြီး ဆိပ်ခံတံတား (၁၀) ခု ရှိကာ ဝဲကြီးထောင့်တံတားသည် အကြီးဆုံး ဖြစ်သည်။
ပုသိမ်ဆိပ်ကမ်းသည် ပုသိမ်မြို့အပါအဝင် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များကို ကုန်သွယ်ရန်သာ အဆင့်ပြည့်မီသေးပြီး အလျား ၁၄၀ မီတာ၊ ရေစူး ၆.၅ မီတာနှင့် တန်ချိန် ၁၅,ဝ၀ဝ ရှိ သင်္ဘောများ ဝင်ထွက် ဆိုက်ကပ်နိုင်သည်။
ကိုလိုနီခေတ် ၁၈၂၆ ခုနှစ်နှင့် ၁၈၆၂ ခုနှစ်ကြားတွင် မော်လမြိုင်ဆိပ်ကမ်းကို တည်ဆောက်ခဲ့ပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ၁၉၁၅ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့သည်။
မော်လမြိုင်ဆိပ်ကမ်းတွင် ဈေးကြီးတံတား၊ မြိတ်တံတား၊ ရွှေမြိုင်တံတား၊ ဆိပ်ကမ်းသာတံတား၊ ထားဝယ်တံတား၊ သံလွင်တံတားနှင့် ကျောက်မီးသွေးတံတား စသဖြင့် ဝန်ဆောင်မှုပေးနေသည့် ဆိပ်ခံတံတား (၇) ခု ရှိပြီး ဝန်ထမ်းစုစုပေါင်း (၅၀) ရှိသည်။
ထားဝယ်ဆိပ်ကမ်းသည် ရေနက်ဆိပ်ကမ်း အမျိုးအစား ဖြစ်ပြီး ဆိပ်ကမ်းသာတံတား၊ ရေဝန်တံတား၊ ဆင်ဖြူပြင်တံတားများ ရှိပြီး ထားဝယ်မြစ်ရေလမ်းကြောင်းသည် အကွေ့အကောက်များပြီး သဲသောင်ခုံများ ရှိသဖြင့် နှစ်ပိုင်းခွဲ၍ ဝင်ရောက်နိုင်သည်။
ထားဝယ်မြို့ ဆင်ဖြူပြင်ဆိပ်ကမ်းသို့ အလျား ၂၄၀ ပေ၊ ရေစူး ၁၃ ပေရှိသော ရေယာဉ်များ ဝင်ရောက်နိုင်ပြီး ဆိပ်ခံတံတားများကိုမူ အလျား ၁၀၀ ပေ၊ ရေစူး ၁၃ ပေထက် မကိုသော ကမ်းရိုးတန်းသွား ကုန်တင်စက်လှေများ ဝင်ရောက်နိုင်သည်။
၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို အကောင်အထည်ဖော်နိုင်ရန် ကနဦးလေ့လာမှု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ထိုင်းနိုင်ငံ Italian-Thai Development ကုမ္ပဏီနှင့် မြန်မာအစိုးရတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
မြိတ်ဆိပ်ကမ်းတွင် ဆိပ်ငယ်တံတား၊ နောက်လယ်တံတားနှင့် မြို့သစ်ယောကြီးဝတံတားများ ရှိပြီး မြို့သစ်ယောကြီးဝတံတား တစ်ခုထဲသာ ခရီးသည်နှင့် ကုန်တင်ရေယာဉ်များ (၂၄) နာရီပတ်လုံး ဆိုက်ကပ် ဝင်ရောက်နိုင်သည်။
ဆိပ်ကမ်းအတွင်းသို့ အလျား (၂၄၀) ပေ၊ ရေစူး (၁၃) ပေရှိသော သင်္ဘောကြီးများ ဝင်ရောက်နိုင်ပြီး ကျောက်ချစခန်းတွင် ကျောက်ချ ရပ်နားနိုင်သည်။
ကော့သောင်းမြို့ကို မြောက်ဖက်အဝင် ရေလမ်းကြောင်းနှင့် အနောက်ဘက်အဝင် ရေလမ်းကြောင်း (၂) ခုမှ ဝင်ရောက်နိုင်ပြီး ရေလမ်းကြောင်း ကျဉ်းမြောင်းသဖြင့် ရေယာဉ်အလျား ၁၁၅ ပေနှင့် ၂၅၀ ပေ၊ ရေစူး ၂ မီတာထက် ပိုသော ရေယာဉ်များ ဝင်ထွက်ရန် မသင့်ပါ။
အပြင်ကျောက်ချစခန်း တစ်ခုနှင့် အတွင်းကျောက်ချစခန်း နှစ်ခု ရှိပြီး ကော့သောင်းဆိပ်ကမ်းအတွင်းသို့ အလျား ၂၅၀ ပေ၊ ရေစူး ၁၃ ပေ ရှိသော ရေယာယ်များ ရေစောင့်ရန် မလိုဘဲ ဝင်ရောက် ဆိုက်ကပ်နိုင်ပြီး တော်ဝင်တံတား၊ မြို့မတံတားနှင့် ဘုရင့်နောင်တံတား ဟူ၍ ဆိပ်ခံတံတား (၃) ခု ရှိသည်။
အထက်ပါ ဖော်ပြခဲ့သော ရေကြောင်းကုန်သွယ်မှု ဆိပ်ကမ်းများတွင် လက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသော ပြည်တွင်းပြည်ပ ဆိပ်ကမ်းများ ဖြစ်ပြီး ကုလားဂုတ် ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး Western Port ရေနက်ဆိပ်ကမ်းစီမံကိန်း (ငရုတ်အော်) (၂) ခုကိုလည်း ထပ်မံ တည်ဆောက်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
ကုလားဂုတ် ရေနက်ဆိပ်ကမ်းစီမံကိန်း
မွန်ပြည်နယ်ရှိ ကုလားဂုတ်ဒေသတွင် ကုလားဂုတ် ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဖော်ဆောင်မည် ဖြစ်ပြီး GMS နှင့် အာဆီယံဒေသအကြားရှိ အရှေ့-အနောက် စီးပွားရေးစင်္ကြန်လမ်းနှင့် တရုတ်- အာဆီယံဒေသအကြားရှိ တောင်-မြောက် စီးပွားရေးစင်္ကြန်လမ်းတို့နှင့် ဆက်သွယ်ထားသည်။
ငရုတ်အော် ရေနက်ဆိပ်ကမ်းစီမံကိန်း
ပုသိမ်မြို့၏ အနောက်တောင်ဘက် (၁၀၀) မိုင်ခန့် အကွာတွင် ဒေသတွင်းနှင့် နိုင်ငံတကာသို့ ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်စေရန် ငရုတ်အော် ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးရှိ ဆိပ်ကမ်းများနှင့် ဆိပ်ခံတံတားများ အားလုံး၏ အသေးစိတ် အချက်အလက်များကို အောက်ပါလင့်ခ်တွင် ပြည့်ပြည့်စုံစုံ ဝင်ရောက် လေ့လာ ကြည့်ရှုနိုင်သည်။
> http://www.mpa.gov.mm/my/yagon-ports-2
> http://www.mpa.gov.mm/yangon-ports/
Su Mon Oo
Ref : MPA, Google Sources
Photos go to owners/ original uploaders
ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်မှုပညာပေးရေး ဌာနခွဲ၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) မှ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း ( အမှတ်စဥ်-၇ ) ကို ဖွင့်လှစ် သင်ကြားမည် ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းကို လာမည့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ပထမအပတ်တွင် စတင် ဖွင့်လှစ်မည် ဖြစ်ပြီး သင်တန်းသားဦးရေ အယောက် (၇၀) မှ (၉၀) အထိ လက်ခံ သင်ကြားသွားမည်ဟု ထုတ်ပြန် ကြေညာထားသည်။
သင်တန်းချိန်မှာ နံနက် ၉း၀၀ နာရီမှ နေ့လည် ၁၂း၀၀ နာရီ အထိ ရုံးချိန်လွတ်သည့် အပတ်စဥ် စနေ၊ တနင်္ဂနွေ တက်ရောက်ရမည် ဖြစ်ကာ သင်တန်းကာလ (၄) ပတ် ကြာမြင့်မည် ဖြစ်သည်။
လျှောက်ထားလိုသူများအနေဖြင့် အမှတ် (၂၂၈/၂၄၀)၊ ကမ်းနားလမ်းနှင့် ရွှေဘုံသာလမ်းထောင့်၊ ပန်းဘဲတန်းမြို့နယ်၊ ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်) စတုတ္ထထပ်တွင် လူကိုယ်တိုင် လာရောက် စာရင်းပေးသွင်းရမည်။
Advertisement
လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို တစ်ပါတည်း ပူးတွဲ တင်ပြရမည်။
ဘွဲ့လက်မှတ်မိတ္တူ
အထက်တန်းအောင်လက်မှတ်
နိုင်ငံသားစီစစ်ရေးကတ်ပြားမိတ္တူ
ဓာတ်ပုံ တစ်လက်မပတ်လည် (၃) ပုံ
သင်တန်းကာလ ပြီးဆုံး အောင်မြင်ပါက သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ပြီး သင်တန်းဆင်း အောင်လက်မှတ်များ အပ်နှင်းသွားမည်ဟု သိရသည်။
အသေးစိတ်အချက်အလက်များကို ကုန်သွယ်မှု သင်တန်းကျောင်း၏ ဖုန်းနံပါတ်ဖြစ်သော ၀၁-၂၅၀၈၇၁၊ ၀၁-၃၇၈၇၉၈ နံပါတ်များသို့ ဆက်သွယ် စုံစမ်း မေးမြန်းနိုင်သည်။
ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်သည် ပြည်ပသို့ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ ပြည်ပမှ ကုန်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်း ဆောင်ရွက်ရန် ခွင့်ပြုထားသည့် လုပ်ငန်းမှတ်ပုံတင်တစ်ခု ဖြစ်ပါတယ်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်မှတ်ပုံတင်ကို ၁၉၄၇ ခုနှစ်၊ ပို့ကုန်သွင်းကုန် ကြီးကြပ်ရေး (ယာယီ) အက်ဥပဒေအရ ၁၉၅၄ ခုနှစ်၊ ပို့ကုန်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများ မှတ်ပုံတင်ခြင်း အမိန့်ဖြင့် ခွင့်ပြုထုတ်ပေးခြင်း ဖြစ်ပါတယ်။
အောက်ဖော်ပြပါ အဖွဲ့အစည်းများသည်ပို့ကုန်သွင်းကုန်လုပ်ငန်းဆောင်ရွက်ရန်ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနတွင် လျှောက်ထားနိုင်ပါတယ်။
(က) ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေနှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ(၂၀၁၇)တို့အရ မှတ်ပုံတင်ထားသော-
(၁) မြန်မာနိုင်ငံသားတစ်ဦးပိုင် (သို့မဟုတ်)အများပိုင်ကုမ္ပဏီများ
(၂) နိုင်ငံခြားသားပိုင်ကုမ္ပဏီ (သို့မဟုတ်)ကုမ္ပဏီရုံးခွဲများ
(၃) ဖက်စပ်ကုမ္ပဏီများ ( ခ) သမဝါယမအသင်းဥပဒေအရ တည်ထောင်ထားသော သမဝါယမအသင်း လီမိတက်များ
( ခ) သမဝါယမအသင်းဥပဒေအရ တည်ထောင်ထားသော သမဝါယမအသင်း လီမိတက်များ
Source : ကုန်သွယ်ရေးဦးစီးဌာန