Knowledge

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၈ ဘီလျံဝင်ရောက်ရန် မျှော်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးသန့်စင် လွင်က ပြောကြားသည်။

Published in Investment

          မြန်မာနိုင်ငံတွင် ကန်ဒေါ်လာသန်း နှစ်သောင်းကျော် ရင်းနှီးမြှုပ်နှံထားသည့် စင်ကာပူနိုင်ငံသည် တရုတ်နိုင်ငံကို ကျော်ဖြတ်၍ ပမာဏအများဆုံးရင်းနှီးမြှုပ်နှံသည့် နိုင်ငံအဖြစ် နှစ် ၃၀ ကျော်အတွင်း ပထမဦးဆုံး ရောက်ရှိလာခဲ့ပါတယ်။

Published in Investment

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) ဟုခေါ်တွင်မည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာတစ်ရပ် ပေးပို့ခဲ့သည်။အဆိုပါ ဝန်ကြီးဌာနသစ် ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး လွှတ်တော်သဘောထားခံယူရန် ရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုဝင်ဘာ ၁၂ ရက်တွင် အဆိုပြုတင်သွင်းခဲ့သည်။ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများဖြစ်သည့် ချေးငွေ၊ အကူအညီ၊ အထောက်အပံ့များကို ထိရောက်စွာစီမံခန့်ခွဲရန် အရေးကြီးနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ဝန်ကြီးဌာနအသစ်လိုအပ်သည်ဟု ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြခဲ့သည်။သို့ဖြစ်ရာ ဝန်ကြီးဌာနအသစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာရေးအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်လာမည့် ဝန်ကြီးဌာနတစ်ခုအဖြစ် မြင်တွေ့လာရဖွယ်ရှိသည်။

 

 

          လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အဓိက ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကော်မရှင်အနေဖြင့်မူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကိုင်တွယ်ဆောင်ရွက်နေသည်။လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင်ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတို့ကို ခွဲထုတ်၍ ယခု ဝန်ကြီးဌာနသစ်အောက်တွင်ထားရှိကာ ရင်းနှီးမြှုပ်နှံမှုမြင့်တက်ရေး အစီအမံများ ဆောင်ရွက်သွားဖွယ်ရှိသည်ဟု ယူဆနေသည်များလည်း ရှိသည်။

 

 

          '' ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ လုပ်ငန်းတွေကို အဓိကလုပ်ရတဲ့ ဌာနနှစ်ခုကို ဆွဲထုတ်လိုက်တဲ့သဘော ဖြစ်မှာပါ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုပြီး ထဲထဲဝင်ဝင်လုပ်နိုင်ဖို့အတွက် အခုလို ဖွဲ့စည်းလိုက်တာ ဖြစ်နိုင်တယ်''ဟု NLD စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောသည်။စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လိုအပ်နေသောအချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာလျက်ရှိသည်။ ပြည်တွင်းစီးပွားရေး ကဏ္ဍအသိုင်းအဝိုင်းကလည်း နှစ်နှစ်တာ အတောအတွင်း စီးပွားရေးတိုးတက်မှု နှောင့်နှေးလျက်ရှိသည်ဟု ယူဆကြသည်။

 

 

          ထို့ပြင် အီးယူက မြန်မာနိုင်ငံသို့ ပေးအပ်ထားသည့်အခွန်သက်သာခွင့် အခွင့်အရေးဖြစ်သော GSP အစီအစဉ်မှာလည်း ပြန်လည်ရုပ်သိမ်းရန် လေ့လာသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုအခြေအနေများနှင့်စီးပွားရေးခရီးတွင် ဖိအားများ ရင်ဆိုင်နေရလျက်ရှိသောအစိုးရက ယခုကဲ့သို့ စီးပွားရေးဖွံ့ဖြိုးရေးကို အဓိကရှေးရှုကိုင်တွယ်မည့် ဝန်ကြီးဌာနအသစ် ထူထောင်မည့်အပေါ် ပုဂ္ဂလိက စီးပွားရေးအသိုင်းအဝိုင်းက အကောင်းမြင်သုံးသပ်ကြသည်။''နောက်ဌာနတစ်ခုလာတော့ လူတွေအနေနဲ့ နောက်ထပ် ကျော်လွှားရမယ့် အတားအဆီးတစ်ခုမျိုး မဖြစ်ဘဲ အားလုံးကိုပေါင်းစည်းပေးနိုင်မယ့် Co–ordination Ministry လိုမျိုး လုပ်ကိုင်ပေးဖို့ လိုပါတယ်။ ဒီဝန်ကြီးဌာနက တစ်မျိုး၊ ဟိုဝန်ကြီးဌာနက တစ်မျိုး၊ အဲဒီလိုမဖြစ်စေဘဲ One Stop Service ဖြစ်အောင် ပေါင်းစည်းလုပ်ကိုင်ပေးဖို့ လိုပါတယ်''ဟု မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်လေးက ပြောသည်။

 

 

          ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာရေးအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်လာမည့် ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်လာရန် ကြိုးစားနေချိန်နှင့် တိုက်ဆိုင်စွာပင် စင်ကာပူနိုင်ငံတွင် ကျင်းပသော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံရန် အလေးအနက်ထား ဖိတ်ခေါ်ခဲ့သည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် လွယ်ကူရှင်းလင်းပြီး ကြိုတင် မှန်းဆ၍ရသည့် လုပ်ထုံးလုပ်နည်းများကို ချမှတ်နိုင်ရန် ကော်မရှင်အတွင်းသာမက အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများကိုပါ ပြန်လည်သုံးသပ်လျက်ရှိပြီး အဆိုပါဆောင်ရွက်ချက်သည် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ပြတင်းတစ်ပေါက်စနစ် ပေါ်ထွန်းလာရေးကို အထောက်အကူ ဖြစ်စေရန် မျှော်လင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

 

 

          ပြတင်းတစ်ပေါက်စနစ်သည် ရင်းနှီးမြှုပ်နှံသူများကြုံတွေ့နေရသော နှောင့်နှေးကြန့်ကြာမှုများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်မီနှင့် ပြုလုပ်ပြီး ကာလများအတွက် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဟုလည်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။''ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ One Stop Service ပေါ့။ Single Window (ပြတင်းတစ်ပေါက်စနစ်) ပုံစံပေါ့။ ရင်းနှီးမြှုပ်နှံချင်သူ လွယ်လွယ်ကူကူ ဖြစ်အောင်ဆိုပြီးတော့ အခုလို ဝန်ကြီးဌာနအသစ်နဲ့ တာဝန်ယူလိုက်မယ်ဆိုရင်တော့ ဒါကို လုပ်လို့ရမယ်လို့တော့ ထင်တယ်။ စီးပွားရေးဝန်ကြီးဌာနတွေဖြစ်တဲ့ စီးပွား/ကူးသန်း၊ စီမံ/စီးပွား၊စက်မှု စသဖြင့်ပေါ့။ ဒီအလုပ်တွေအားလုံးကို ဝန်ကြီးဌာနအသစ်က ဘယ်လိုညှိနှိုင်းမလဲဆိုတာ ကြည့်ရမယ်လေ။ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို မြန်စေချင်တော့ ဒီလိုပြုပြင်ပြောင်းလဲမှုက အထောက်အကူပြုမယ်လို့ မျှော်လင့်တယ်'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

 

 

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင့်ရေး နှစ်၂ဝ စီမံကိန်းကို အောက်တိုဘာလအတွင်းက မိတ်ဆက်ခဲ့သည်။ အဆိုပါစီမံကိန်းတွင် လာမည့်နှစ် ၂ဝ အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၂ဝဝ ကျော် ရရှိစေရန် မျှော်မှန်းထားပြီး ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု ညွှန်းကိန်းအဆင့်တွင်လည်း အဆင့် ၅ဝ အတွင်း ဝင်ရောက်ရန်ပါဝင်သည်။ လက်ရှိ ညွှန်းကိန်းတွင် အဆင့် ၁၇၁ ဖြင့်အောက်ဆုံးနားတွင် ရောက်နေဆဲ ဖြစ်သည်။အစိုးရက နိုင်ငံတကာနှင့် ဆက်သွယ်၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ဝန်ကြီးဌာနသစ်တစ်ခု ဖွဲ့စည်းရုံဖြင့် အဆင်ပြေလာမည်ဆိုသည်ကို သေချာစွာ မပြောနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

 

 

          ''တကယ်ငြိမ်းချမ်းအောင် မြန်မြန်ဆန်ဆန် လက်တွေ့အကောင်အထည်ဖော်ပေးနိုင်ရင် ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမှာပါ''ဟု ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ် ဖွဲ့စည်းမည့် အဆိုပြုချက်ကို နိုဝင်ဘာ ၁၅ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြဦးမည် ဖြစ်သည်။

 

Credit : Myanmar Time

Published in Investment
Thursday, 08 November 2018 04:46

Invest Myanmar Summit 2019

          ပြည်တွင်းစီးပွားရေးများဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးတွင်သာမက မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ ကရင်၊ မွန်၊ တနင်္သာရီစသည့်ဒေသများတွင်ပါ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဖန်တီးပေးနိုင်ရန်နှင့် ဈေးကွက်ကို ပိုမိုချဲ့ထွင် ပေးနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်မှ ကြီးမှူး၍ Invest Myanmar Summit 2019 ကို ၂၀၁၉ ခုနစ်၊ ဇန်နဝါရီလ (၈~၉) ရက် နေ့တွင်၊ နေပြည်တော်၊ MICC(II)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

 

          Summit သို့ နိုင်ငံပေါင်း (၉)နိုင်ငံ (အမေရိကန်၊ အင်္ဂလန်၊ တရုတ်နှင့် ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား၊ သြစတြေးလျ၊ စင်ကာပူ၊ထိုင်း)တို့မှ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအား ကုန်သည်စက်မှုအသင်းချုပ်မှ ဖိတ်ခေါ် မည်ဖြစ်တယ်။

 

          Summit မှတစ်ဆင့် ကုန်ထုတ်လုပ်မှု၊ အထည်ချုပ်ကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်၊ စားသောက်ကုန်၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် မြေယာစသည့် ကဏ္ဍကြီးရှစ်ခုတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန် မျှော်မှန်းထားခဲ့ပါတယ်။

 

          ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်စက်မှုအသင်းများနှင့် မီဒီယာများအား တွေ့ဆုံ၍ Invest Myanmar Summit 2019 နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို အသင်းချုပ်တွင်ကျင်းပခဲ့ပါတယ်။

 

          “ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်တာကနေတစ်ဆင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ ကုန်သည်စက်မှု အသင်းချုပ်အနေနဲ့လည်းတာဝန်ရှိပါတယ်။ ဒါကြောင့်မို့ Invest Myanmar Summit 2019 လို အခမ်းအနားမျိုးကျင်းပပြီး တစ်ဖက်တစ်လမ်းကကူညီဆောင်ရွက်နေတာဖြစ်ပါတယ်၊” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးဝေဖြိုးက ပြောကြားခဲ့ပါတယ်။

 

          Invest Myanmar Summit 2019 သို့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတော် အစိုးရ၊ ဒေသတွင်းအစိုးရမှ တာဝန်ရှိသူများအပါအဝင် တက်ရောက်သူပေါင်း (၈၀၀) ကျော် တက်ရောက်ရန် ကုန်သည်စက်မှုအသင်းချုပ် က မျှော်မှန်းထားပြီးနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းများရရှိရုံသာမက၊ နိုင်ငံတော်အစိုးရ၊ ဒေသတွင်းအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါတယ်။

 

Source : UMFCCI

Published in Investment

          အရှေ့မျှော်မူဝါဒနှင့်အတူ အရှေ့အာရှက လာရောက်မည့် ရင်းနှီးမြှုပ်နှံမှုများကို အဓိကထားမည့် နှစ် ၂ဝ ကြာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP) သည် စတင်နေပြီ ဖြစ်သည်။စီမံကိန်းအရ ၂ဝ၃ဝ ပြည့်နှစ်တွင် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ရန် ရည်ရွယ်ထားပြီး ငါးနှစ်အကြာတွင် လူတစ်ဦးချင်းစီ၏ ဝင်ငွေတစ်ရက်လျှင် ကျပ် ၄,၅ဝဝ မှ ၅,ဝဝဝ ကြား ရရှိရန် ရည်ရွယ်ထားသည်။

 

          ၂ဝ၁၆−၁၇ ခုနှစ်မှ ၂ဝ၃၅−၂ဝ၃၆ ခုနှစ်အထိ နှစ် ၂ဝ ကြာမည်ဖြစ်သော ယခုစီမံကိန်းသည် အာရှအတွင်း ကြီးမားစွာရင်းနှီးမြှုပ်နှံနိုင်သည့် ဖွံ့ဖြိုးသော နိုင်ငံများဖြစ်သော ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများကို စနစ်တကျ ဖိတ်ခေါ်မည်ဟု မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

 

          ''တိုင်းပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ကို စဉ်းစားတော့လည်း အရှေ့အာရှကို အဓိကထား စည်းရုံးတဲ့ မူဝါဒကို ချမှတ်ဆောင်ရွက်သွားမယ်။ အရှေ့က ရင်းနှီးမြှုပ်နှံမှုတွေကို အများဆုံးဖိတ်ခေါ်မယ်။ ဒါကို ကျွန်တော်တို့ ရည်မှန်းထားတယ်''ဟု ၄င်းက ဆိုသည်။မြန်မာနိုင်ငံ၏ လက်ရှိ အဓိက ရင်းနှီးမြှုပ်နှံမှုများသည် အာရှတွင်းနိုင်ငံများမှဖြစ်ပြီး တရုတ်၊ စင်ကာပူ၊ ထိုင်း၊ဟောင်ကောင်တို့မှ အဓိက အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

 

          အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုသည် နည်းပြီးရင်းနှီးမြှုပ်နှံပါကလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် သတ္တုကဏ္ဍများတွင်သာ အဓိကထားကြသည်။ မြန်မာနိုင်ငံ၏ ရခိုင်အရေး ပဋိပက္ခနှင့်ဆက်စပ်၍လည်း အနောက်နိုင်ငံများက ဖိအားပေးနေကြသည့် အချိန်လည်းဖြစ်သည်။ ရခိုင်အရေးနှင့်ဆက်စပ်ပြီး ဦးသိန်းစိန်လက်ထက်ကတည်းက စတင်ပြင်ဆင်လာခဲ့သော အီးယူ-မြန်မာရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်ကို အီးယူဘက်က ဖျက်သိမ်းခဲ့သည်။

 

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကလည်း အနောက်နိုင်ငံများ၏ရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်၍မရတော့ကြောင်းကို ယခုစီမံကိန်းနှင့် ပတ်သက်ပြီး နေပြည်တော်တွင်ပြုလုပ်ခဲ့သည့်ပွဲတွင် ပြောဆိုခဲ့သည်။ထိုသို့သော အခြေအနေရှိနေသော်လည်း မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုများ မကြာခင် ဝင်ရောက်လာမည်ဟု မျှော်မှန်းထားပြီး ယင်းကဏ္ဍများ၏ ပို့ကုန်သည်လည်း တိုးတက်လာမည်ဟု ဦးသန်းအောင်ကျော်က ဆိုသည်။

 

          ''ဒီအစိုးရသစ်တက်ကတည်းက ရင်းနှီးမြှုပ်နှံမှု မူဝါဒမှာအရင်းအမြစ်ကို ထုတ်ရောင်းပြီး ပိုက်ဆံရှာတဲ့အလုပ်သိပ်အားမပေးဘူး။ သို့သော်ငြားလည်း ဒါကို စနစ်တကျထုတ်မယ်။ ဥပဒေနဲ့ ခိုင်ခိုင်မာမာ သပ်သပ်ရပ်ရပ် နိုင်ငံတကာစံနှုန်းနဲ့ထုတ်မယ့် ပုံစံတွေကို အခုဖိတ်ခေါ်တာပေါ့။ ဒါပေမဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့ အခွန်ကင်းလွှတ်ခွင့်၊ သက်သာခွင့်မပေးဘူး''ဟု ၄င်းက ပြောသည်။လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ရခိုင်အရေးကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။

 

          မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း မျှော်မှန်းလျာထားချက်သည် စီမံကိန်းကာလ နှစ် ၂ဝ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာဘီလျံ ၂၂ဝ ကျော်ဝင် ရောက်လာရန် မျှော်မှန်းထားသည်။ ပထမ ငါးနှစ်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ဒုတိယငါးနှစ်တွင် တစ်နှစ်လျှင် ၈ ဒသမ ၅ ဘီလျံ၊ တတိယငါးနှစ်တွင် တစ်နှစ်လျှင် ၁၂ ဒသမ ၃ ဘီလျံနှင့် နောက်ဆုံးငါးနှစ်တွင် တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံ ခန့်မှန်းထားသည်။

 

          ပြီးခဲ့သော ၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလျံရှိခဲ့ကြောင်း၊ ပထမ ငါးနှစ်ကာလအတွင်း နှစ်စဉ်ဝင်ရန် မှန်းသည့် ၅ ဒသမ ၈ ဘီလျံသည် လက်တွေ့ မြေပြင်နှင့် ကွာဟမှု မရှိကြောင်း ဦးသန်းအောင်ကျော်က ပြောသည်။

 

          ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ထဲတွင် အစိုးရစီမံချက်များဖြင့် ဆောက်လုပ်မည့်စီမံကိန်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စသည့်သုံးခုကို ဟန်ချက်ညီညီဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုသို့ စီမံကိန်းကို အကောင်အထည်ဖော်ရင်း တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်သာကိုင်သာရှိမှုကို လက်ရှိအဆင့် ၁၇ဝ မှ နှစ် ၂ဝ ကြာချိန်တွင် အဆင့် ၅ဝ အတွင်းရောက်အောင် လုပ်ဆောင်မည်ဟု ၄င်းက ဆိုသည်။

 

          စီမံကိန်းကို ပို့ကုန်အသားပေးလုပ်ငန်း၊ ပြည်တွင်းဈေးကွက်အသားပေးလုပ်ငန်း၊ သယံဇာတ အခြေပြုလုပ်ငန်းနှင့် အသိပညာဦးစားပေး လုပ်ငန်းစသဖြင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လေးသွယ်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

 

          ''နိုင်ငံအတွက် တာဝန်ယူမှု၊ တာဝန်သိမှု အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုဖိတ်ခေါ်မလဲ။ ဒီလူတွေ လာချင်အောင် ဘယ်လိုဖိတ်ခေါ်မလဲ။ ပါမစ်ရအောင် ဘယ်လိုလွယ်လွယ်ကူကူလုပ်ပေးမလဲ။ ရပြီးရင်လည်း ရင်းနှီးမြှုပ်နှံမှုကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာလည်း ဘယ်လိုလုပ်ပေးမလဲ။ အဲဒါတွေအားလုံးကို ဒီအဆင့်မှာဆွေးနွေးမယ်''ဟု ဦးသန်းအောင်ကျော်က ပြောသည်။

 

          လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့များဖြင့် ဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ညှိနှိုင်းရမည်များ၊ တိုင်းပြည်ပုံရိပ် တင်ရန် ရင်းနှီးမြှုပ်နှံမှုပြပွဲများ၊ နိုင်ငံတကာ သွားရောက်ဖိတ်ခေါ်မှုများ၊ ကျွမ်းကျင်လုပ်သား လိုအပ်မှုအတွက် ဖြည့်ဆည်းရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ၄င်းတို့၏ ကုန်စည်မူပိုင်ခွင့် အကာအကွယ်ပေးရေးအဖွဲ့၊ လိုအပ်သော ဘဏ္ဍာရေးနှင့် ဘဏ်ကိစ္စများဆွေးနွေးညှိနှိုင်းတိုင်ပင်ရန်အဖွဲ့ စသဖြင့် တစ်ခုချင်းစီအလိုက် ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်သည်။

 

          ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ နိုင်ငံခြားနှင့် ချိတ်ဆက်၍ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးရေးနှင့် မိမိနိုင်ငံ၏ ကျယ်ပြန့်သော လယ်ယာကဏ္ဍ အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချ၍ ဝင်ငွေရှာဖွေရေး နည်းလမ်းများဖြင့်လည်း ဆောင်ရွက်မည်ဖြစ်သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာစေချင်ပါက အဓိက အရေးကြီးသည်မှာ ရေးဆွဲသော မူဝါဒအားလုံးသည် ပြောဆို၊ ဖိတ်ခေါ်မှုဖြင့်ပင် မရဘဲ လက်တွေ့ကျကျလုပ်ဆောင်ပြရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။ ''လက်တွေ့ကျဖို့က ရင်းနှီးမြှုပ်နှံတဲ့သူက ကျွန်တော်တို့ဆီမှာ ဘာကြောင့်လာပြီး ရင်းနှီးမြှုပ်နှံရမှာလည်း အဖြေ ကျွန်တော်တို့ ပေးနိုင်ရမယ်။ အဲဒါမပေးနိုင်ရင်တော့ ရင်းနှီးမြှုပ်နှံတဲ့သူက အနောက်ပဲ မျှော်မျှော်၊ အရှေ့ပဲ မျှော်မျှော် ဘယ်သူမှ လာမှာ မဟုတ်ဘူး''ဟု အင်န်အယ်လ်ဒီ စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ဆိုသည်။

 

 

trade 2

 

 

          လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူများ လာရောက်စုံစမ်းကြရာတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် စာရွက်စာတမ်းကိစ္စ အဆင့်ဆင့် ခွင့်ပြုချက်တောင်းရခြင်းများ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖြတ်ရခြင်း အခြေအနေများကို စုံစမ်းကြသည်။ ယင်းနောက် အလုပ်သမားခနှင့် အလုပ်သမားကျွမ်းကျင်မှု၊ ပညာတတ်မြောက်မှု၊ စက်ရုံဆောက်ရန်မြေနေရာ နိုင်ငံ၏အခြေအနေ၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်အချက်များကို ကြည့်ကြသည်။

 

          ''အဲဒါတွေအားလုံးကို ကြည့်ပြီးသွားရင် များသောအားဖြင့် တပ်ခေါက်ပြီး ပြန်သွားကြတာများတယ်''ဟု ဦးရဲမင်းဦးက ဆိုသည်။အဓိကအချက်မှာ ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပြီး ဖြေလျော့မှုများ ပြုလုပ်ပါကလည်း တစ်ပြိုင်နက်တည်း ညှိနှိုင်း၍ ဖြေလျော့မှု ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ပါက ဝန်ကြီးဌာနများစွာမှ ခွင့်ပြုချက်ယူရသည့်အတွက် ဌာနအားလုံးမှ လွယ်ကူအောင် လုပ်မပေးပါက ကြန့်ကြာမှုရှိနေဦးမည်ဖြစ်ပြီး ယင်းနှင့်တွဲလျက် အဂတိလိုက်စားမှုပါ ရှိလာနိုင်ကြောင်း ၄င်းက ပြောသည်။

 

          ''လက်တွေ့မှာ အခက်အခဲတွေရှိကြတယ် ပြောတယ်။ စာရွက်စာတမ်းစုံရင် ရင်းနှီးမြှုပ်နှံမှု ရက် ၆ဝ အတွင်း ချပေးမယ်ပြောတယ်။ သို့သော် စာရွက်စာတမ်းစုရတာ ပြဿနာရှိတယ်။ ဌာနဆိုင်ရာ ထောက်ခံချက်တွေ၊ မြေကိစ္စ၊ ဒါတွေအကုန်ပါတော့ အဲဒီမှာ အားနည်းချက်ရှိတယ်။ ကိုယ့်ဌာနတွေက ကိုယ့်ဟာကိုယ် တာဝန်ယူပြီး အဲဒါတွေ စုဆောင်းပေးရင်တော့ လုပ်တဲ့သူအတွက် ပိုလွယ်တာပေါ့''ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

 

          တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တစ်ခုတည်း လုပ်ဆောင်သွား၍မရပဲ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။

 

          ''ဒါကိုနားလည်ရမယ်။ MIC ကို ပူးပေါင်းရမယ်။ MIC လိုချင်တဲ့ ကိစ္စမှန်သမျှကို ပံ့ပိုးပေးရမယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သွားချင်တဲ့လမ်းကြောင်းကို အားလုံးက လိုက်ပေးရမယ်။ အခုက ဝန်ကြီးတွေ အချင်းချင်းကြားမှာ သူလည်း ဝန်ကြီး၊ ကိုယ်လည်း ဝန်ကြီးပဲဆိုပြီး လုပ်နေတာ။ ရာထူးအတူတူပဲ။ သူလုပ်တာကို ဘာလို့ ငါတို့ဘက်က လိုက်ဖြေလျော့ပေးရမှာလဲ။ ကူညီရမှာလဲဆိုတာမျိုး တချို့တွေက တွေးတာပေါ့။ အားလုံးကို ပြောတာတော့ မဟုတ်ပါဘူး'' ဟု ဦးရဲမင်းဦးက ဆိုသည်။

 

          လက်ရှိအချိန်သည် အုပ်စုဖွဲ့ ငွေကြေးကစားသော လုပ်ငန်းများ၊ အုပ်စုဖွဲ့ ဈေးကွက် ကစားသော လုပ်ငန်းများအစား အသေးစားအလတ်စားနှင့် ပြည်တွင်းစက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းတွင် တစ်သားတည်း လိုက်ပါနိုင်ရန်လိုကြောင်း၊ တာဝန်ရှိသော ဝန်ကြီးဌာနအသီးသီးနှင့် တာဝန်ရှိလုပ်ငန်းရှင် အသင်းအဖွဲ့များက ယခင်ကအမူအကျင့်များကို ဖျောက်ဖျက်ကာ ခေတ်စနစ်သစ် မူဘောင်တိုးတက်တက်ရေးအတွက် အာဆီယံ ၁ဝ နိုင်ငံတွင် နောက်ကျကျန်နေသည့် အနေအထားမှ တစ်ဆင့်ပြီးတစ်ဆင့်တက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်ဦးအေးလွင်က ပြောသည်။

 

          မြန်မာနိုင်ငံသည် ဈေးကွက်ကြီးမားသည့် နိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ကြားတွင် တည်ရှိနေခြင်းကလည်း အားသာချက်တစ်ခု ဖြစ်သည်။ မြေ၊ ရေရှိပြီး အလုပ်သမား အင်အားများစွာ ရှိသည်။ မိမိနိုင်ငံအတွင်း အလုပ်မပေးနိုင်၍သာ မလေးရှား၊ ထိုင်းနိုင်ငံများသို့ အလုပ်ထွက်လုပ်နေရခြင်း ဖြစ်သည်။ရာသီဥတု ကောင်းမွန်၍ စိုက်ပျိုးမွေးမြူ ထုတ်လုပ်ခြင်းများကို အဆင့်မြှင့်ခြင်းနှင့် စားသောက်ကုန်ထုပ်ပိုး၍ အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုသို့ တင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းများစွာ ရှိနေသည်။ ထိုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူနိုင်မည်ဟု ဦးရဲမင်းဦးက ဆိုသည်။

 

          ''ရင်းနှီးမြှုပ်နှံမှု တကယ်လာစေချင်ရင် တံခါးကို ကျယ်ကျယ်ဖွင့်ဖို့ပဲ လိုတယ်။ ဟစိ ဟစိ လုပ်နေရင် ရင်းနှီးမြှုပ်နှံသူက ဝင်ရမလိုလို၊ မဝင်ရမလိုလို ဖြစ်နေမှာပဲ''ဟု ၄င်းက ပြောသည်။

 

Credit : Myanmar Time

Published in Investment

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှမှု ဥပဒေနှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ (၁၆/၂၀၁၈) ကြိမ်မြောက် အစည်းအဝေးကို ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပြုလွှာ တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ခွင့်ပြု (၄) ခုကို ခွင့်ပြုပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရပါသည်။

 

          ခွင့်ပြု (၄) ခုထဲတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၃) ခု၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု (၁) ခု ပါဝင်ပါသည်။

 

ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

 >>>>>>>>>>>>>>

 

(၁) Dawei Shrimp Farming Company Limited၊ ပုစွန်မွေးမြူထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း။ကံပြင် (၂/အေ)၊ ကွင်းအမှတ် (၄၄၆)၊ ကနက် သီရိကျေးရွာအုပ်စု၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်ခရိုင်၊ တနင်္သာရီတိုင်းဒေသကြီး။

 

(၂) Best Eternity Recycle Pulp And Paper Company Limited။ စက္ကူပျော့ဖတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း။စက္ကူစက်ရုံ (ရေနီ)၊ ရေနီမြို့၊ ရေတာရှည် မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး။

 

(၃) NSKRE Residence (Myanmar) Co., Ltd။ Construction, Leasing and Management of Service Apartment လုပ်ငန်း။မြေကွက်အမှတ် (၇၇၊ ၇၇ အေ)၊ မြေတိုင်းရပ်ကွပ် အမှတ် ၃၄ စီ၊ သာယာရွှေပြည်လမ်း၊ တာမွေလေးရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု
 >>>>>>>>>>>>>>


(၁) Yatanarpon Aviation Support Co.,Ltd။ ရဟတ်ယာဉ်ဖြင့် လေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း။မန္တလေးချမ်းမြသာစည်လေဆိပ်၊ မန္တလေးတိုင်းဒေသကြီး။

 

 

          ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၊ လုပ်ငန်းနှင့် ဆက်စပ်သည့် ပြည်ထောင်စုဝန်ကြီးဌာနများ/ အဖွဲ့အစည်းများမှ သဘောထားမှတ်ချက်များ၊ စိစစ်ခွင့်ပြုချက်များအပေါ် အခြေခံလျက် ကော်မရှင်အစည်းအဝေးမှ စိစစ်ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ၁၆/၂၀၁၈ ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ အလုပ်အကိုင်အခွင့်အလမ်း (၁၂၁၂) ခု ဖန်တီးပေးနိုင်ခဲ့ပါသည်။

 

Source : Myanmar Logistics Guide

Published in Investment

          မြန်မာနိုင်ငံသည် ၂၀၁၁ခုနှစ်၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်ကတည်းက အနောက်နိုင်ငံများထံမှ ရင်းနှီးမြှုပ်နှံမှုများကို အဓိကမျှော်မှန်းခဲ့သော်လည်း လက်ရှိအခြေအနေတွင် ထိုကဲ့သို့မမျှော်မှန်းနိုင်တော့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အတွင်းရေးမှူးဖြစ်သူ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောခဲ့ပါတယ်။

 

          ''ပြီးခဲ့တဲ့အစိုးရကာလအတွင်းမှာ အနောက်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေများများရောက်ဖို့ မျှော်မှန်းပြီးလုပ်ခဲ့ကြတယ်။ လက်ရှိအနေအထားမှာ အနောက်ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ များများမျှော်မှန်းလို့မရတော့ဘူး။ တိုင်းပြည်ရဲ့ဖြစ်ပေါ်လာတဲ့ အခြေအနေအရ အရှေ့ဘက်က ရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံတွေပေါ့။ ပိုပြီးတော့ မျှော်မှန်းလာရတယ်''ဟု နေပြည်တော်တွင် အောက်တိုဘာ ၈ရက်နေ့ကကျင်းပသွားသည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းစာအုပ်မိတ်ဆက်ပွဲတွင် ၄င်းက ပြောကြားခဲ့ခြင်းလဲ ဖြစ်ပါတယ်။

 

          သို့သော်လည်း မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ပြောင်းလဲမျှော်မှန်းရသည့်အကြောင်းရင်းကိုမူ ပြောကြားသွားခြင်း မရှိပေ။ ယခုအစိုးရလက်ထက်တွင် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ပြဿနာများကြောင့် အနောက်နိုင်ငံများ၏ ငြိုငြင်မှုများကို ခံနေရသကဲ့သို့ ဥရောပသမဂ္ဂကလည်း ၄င်းတို့ပေးထားသည့် ကုန်သွယ်မှုအထူးအခွင့်အရေးကိုပင် ပြန်လည်ရုပ် သိမ်းရန် စဉ်းစားလျက်ရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ထားခဲ့ပါတယ်။

 

          မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာရန်အတွက် မူဝါဒများရေးဆွဲဆောင်ရွက်လျက်ရှိနေေ သ်ာလည်း ကမ္ဘာပေါ်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်လိုက်လျောညီထွေပြောင်းလဲရန်လိုအပ်မည်ဟုဆိုခဲ့ပါတယ်။ ''လတ်တလောအားဖြင့် potential ရှိတဲ့နိုင်ငံတွေ၊ potentialရှိတဲ့ကဏ္ဍတွေ အခါအားလျော်စွာပြောင်းလဲသွားနိုင်ပါတယ်။ ပြောင်း လဲလာတဲ့ ကမ္ဘာ့အခြေအနေနဲ့မူတည်ပြီး လိုအပ်သလိုမူဝါဒတွေကို ဆန်းစစ်ရေးဆွဲသွားဖို့လိုပါတယ်''ဟု ပြောသွားခဲ့ပါတယ်။

 

          အခြားတစ်ဘက်တွင်မူ အစိုးရသည် ရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အ နှစ်၂၀စီမံကိန်းကိုရေးဆွဲခဲ့ပြီးဖြစ်တယ်။ ထိုစီမံကိန်းအရ ကာလတိုဖြစ်သော ယခုအစိုးရသက်တမ်းငါးနှစ်အတွင်း တစ်နှစ်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ဘီလျံဝင်ရောက်ရန် ခန့်မှန်းထားသည်။ ကနဦးနှစ်များက ထိုမျှော်မှန်းချက်အတိုင်း ပြည့်မီကျော်လွန်ခဲ့သော်လည်း ပြီးခဲ့သည့်စက်တင်ဘာ၃၀ရက်တွင် ကုန်ဆုံးခဲ့သည့် ခြောက်လဘတ်ဂျက်ကာလအတွင်းတွင်မူ မပြည့်မီခဲ့ပေ။

 

          ''ကံကောင်းနေတာကတော့ အရင်နှစ်တွေက လျာထားချက်ကို ကျော်လွန်ခဲ့ပါတယ်။ ဒီနှစ်(ပြီးခဲ့သည့် စက်တင်ဘာ ၃၀တွင်ကုန်ဆုံးသွားသည့် ခြောက်လဘတ်ဂျက်)တစ်နှစ်ပဲ အကြောင်းအမျိုးမျိုးကြောင့် ကျသွားခဲ့တာပါ''ဟု ပြောသွားသည်။ ရှေ့ပိုင်း ၂၀၁၆-၂၀၁၇နှင့်၂၀၁၇-၂၀၁၈ဘတ်ဂျက်နှစ်များအတွင်း တစ်လလျှင် ကန်သန်း၅၀ဝခန့်ဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သော်လည်း ခြောက်လဘတ်ဂျက်အတွင်းတွင်မူ တစ်လလျှင်ပျမ်းမျှကန်သန်း၃၅၀ခန့်သာ ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။ ထို့ကြောင့် ထိုခြောက်လဘတ်ဂျက်အတွင်း မျှော်မှန်းချက်၏ သုံးပုံနှစ်ပုံခန့်သာ ဝင်ရောက်လာခဲ့ပါတယ်။

 

          သို့သော်လည်း အစိုးရသက်တမ်းငါးနှစ်ခွဲ (ခြောက်လဘတ်ဂျက်ပါဝင်လာသောကြောင့်)အတွင်း ရင်းနှီးမြှုပ်နှံမှုအနေ ဖြင့် ကန်၃၁ဘီလျံဝင်ရောက်ရန် ခန့်မှန်းထားခဲ့ပါတယ်။ ''မဖြစ်နိုင်တဲ့ဟာကို မှန်းထားတာတော့မဟုတ်ပါဘူး။ ၅ဒသမ၆(ဘီလျံ)သည် suitably ဖြစ်တဲ့ target ကိုမှန်းထားတာဖြစ်ပါတယ်။ ကိန်းဂဏန်းလှအောင် မှန်းခဲ့တာမဟုတ်ပါဘူး။ အရင်နှစ်တွေ မှာ ၆ဘီလျံကျော်အောင် ရခဲ့ပါတယ်''ဟု ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။

 

          ဒုတိယငါးနှစ်အတွက်ကိုမူ နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုအဖြစ် ကန်၆ ဒသမ ၈ဘီလျံခန့်မှန်းထားခဲ့ပါတယ်။ ထိုကဲ့သို့ပင် တတိယငါးနှစ်တွင်လည်း ၉ဒသမ၈ဘီလျံ၊ စတုတ္ထငါးနှစ်တွင်၁၄ ဒသမ ၁ဘီလျံဝင်ရောက်ရန် ခန့်မှန်းထားခဲ့ပါတယ်။ ထိုခန့်မှန်းချက်များ ပြည့်မီရန်အတွက်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီနှင့် ရေးဆွဲခဲ့ခြင်းဖြစ်ပါတယ်။

 

          ထိုစီမံကိန်းသည် ၂၀၁၄ခုနှစ်ကရေးဆွဲခဲ့သော စီမံကိန်းကိုပင် ခေတ်ကာလ နှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ပြန်လည်ပြင်ဆင်ရေးဆွဲထားခြင်းလည်းဖြစ်ကြောင်း သိရပါတယ်။


Source : Myanmar Time

Published in Investment

          လက်လီလုပ်ငန်းကဏ္ဍသည့် နောက်လာမည့် နှစ်နှစ်အတွင်း ကောင်းမွန်လာမည့်ကဏ္ဍတစ်ခုအဖြစ် မျှော်လင့်ထားကြောင်း မြန်မာနိုင်ငံလက်လီရောင်းချသူများ အသင်းဝင်လုပ်ငန်းရှင်များမှ ပြောခဲ့ပါတယ်။

 

          ''တောက်လျှောက် တိုးတက်လာဖို့ ရှိပါတယ်။ အခုမှ ပိုပြီးတော့ ဖွံ့ဖြိုးလာတာ။ နောက်ကျတာလည်း တစ်ခုကောင်းတယ်။ အခုဆိုရင် နောက်ကျတယ်အော်ရင်းနဲ့ အကောင်းဆုံး Departmental Store တွေ၊ Convenience စတိုးတွေ တိုက်ရိုက် ရောက်တာမျိုးပေါ့။၂ဝ၂ဝ လောက်မှာ ပိုပြီး ဖွံ့ဖြိုးလာဖို့ရှိတယ်''ဟု မြန်မာနိုင်ငံ လက်လီရောင်းချသူများအသင်း၏ Communication & Member Affair ဒုတိယဥက္ကဌဦးမျိုးမင်းအောင်မှ ပြောခဲ့ပါတယ်။

 

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက လက်လီလက်ကားလုပ်ငန်းများကို ၁ဝဝ ရာခိုင်နှုန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ခွင့်ကို ယခုနှစ်အစောပိုင်းက ခွင့်ပြုပေးခဲ့ပါတယ်။ယင်းခွင့်ပြုချက်အပေါ် မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်းက ကြိုဆိုခဲ့ကြပါတယ်။သို့သော် ပြည်တွင်းရှိ ၉ဝ ရာခိုင်နှုန်းသော လက်လီလုပ်ငန်းငယ်များကို ပြိုင်ဆိုင်မည့် ပြည်ပလက်လီလုပ်ငန်းများကို ခွင့်ပြုပေးရန် မသင့်သေးဟု ၄င်းတို့ကဆိုကြပါတယ်။

 

          ရင်းနှီးမြှုပ်နှံသူများသည် လက်လီလောကသို့ ဝင်ရောက်လာချင်သော်လည်း လက်ရှိအချိန်တွင် အနေအထားတစ်ခုကို စောင့်ဆိုင်းနေကြသည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ပြေကြားခဲ့ပါတယ်။ထို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဈေးကွက်ဖွင့်လှစ်လိုက်သော်လည်း လက်လီစီးပွားရေးလုပ်ငန်းကဏ္ဍသို့ သိသိသာသာ ဝင်ရောက်လာခြင်းများ မရှိသေးဟု ၄င်းတို့ကပြောခဲ့ပါတယ်။

 

          ''ဝင်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအပေါ် မူတည်ပြီးတော့ ကောင်းမွန်တဲ့ သက်ရောက်မှုတွေရနိုင်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက သိပ်ပြီးတော့ မသဲကွဲသေးဘူး။တခြားကဏ္ဍတွေလိုပဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမားတွေ ဝင်ရောက်လာရင်တော့ ပြည်တွင်းမှာမလုပ်နိုင်တဲ့ လုပ်ငန်းတွေလုပ်တယ်၊ ဝန်ထမ်းတွေ အပြိုင်ခန့်မယ်၊ ပြည်တွင်းကမပေးနိုင်တာတွေ ရောင်းချပေးတယ်၊ ပြည်တွင်းထုတ်လုပ်မှုကို အားပေးတယ်ဆိုရင်တော့ အကျိုးသက်ရောက်မှု ဖြစ်မှာပေါ့''ဟု City Express ၏ အမှုဆောင်ဒါရိုက်တာ ဦးဇော်မင်းလတ်က ပြောခဲ့ပါတယ်။

 

          လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ လက်လီလက်ကား စီးပွားရေးလုပ်ငန်းကဏ္ဍအဖွံ့ဖြိုးဆုံး နေရာတွင် ရန်ကုန်တိုင်းဒေသကြီးက ဦးဆောင်လျက်ရှိပြီး ဒုတိယနေရာတွင် မန္တလေးတိုင်းဒေသကြီး၊ တတိယနေရာတွင် မကွေးတိုင်းဒေသကြီး၊ စတုတ္ထနေရာတွင် ရှမ်းပြည်နယ်တောင်ပိုင်းတို့က ရပ်တည်လျက်ရှိပါတယ်။

 

Source : Myanmar Time

Published in Investment

          မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် နှင့် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့က တစ်ပတ်အတွင်း ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု

Published in Investment

ပြည်ပကုန်သွယ်မှုတွင် အလားအလာကောင်းများရှိနေသဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုလျာထားချက်သည် ယခင်နှစ်လျာထားချက် ဒေါ်လာ ၃၁ ဘီလျံထက် ကျော်လွန်နိုင်ကြောင်း အောက်တိုဘာ ၂၂ ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ကျင်းပသည့် The Global Value Chain and Economic Development, ADB - Asian Think Tank Development Forum 2019 တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးက ပြောကြားခဲ့ပါတယ်။

Published in Export & Import