မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို မူဆယ်၊ ချင်းရွှေဟော်နှင့် ကန်ပိုက်တီးတို့တွင် တည်ဆောက်ပြီး Core Zone၊ ပို့ကုန်သွင်းကုန် ပစ္စည်းများသိုလှောင်ရန် ကုန်လှောင်ရုံ ဧရိယာများအဖြစ် ဖွဲ့စည်းတည်ထောင်သွားရန် လျာထားကြောင်း မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားခဲ့ပါတယ်။
သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်ဖြစ်သည့် MACCS စနစ်ကို ရန်ကုန်ဧရိယာနှင့် သီလဝါ အထူးစီးပွားရေးဇုန် အပါအဝင် ရေဆိပ်၊ လေဆိပ်နေရာ ၁၃ ခု၌ အသုံးပြုနေပြီး မူဆယ်နယ်စပ်တွင် ၂၀၂၀ နှစ်ကုန်ပိုင်း စတင်အသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းသန့်က ပြောကြားခဲ့ပါတယ်။
သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ဝင်ရောက်လုပ်ကိုင်နေသော ကုမ္ပဏီများထဲမှ ဈေးကွက်အခြေအနေအရ ပြည်တွင်းဈေးကွက်ကို ဦးစားပေးလုပ်ကိုင်နေသော စက်မှုလုပ်ငန်းပေါင်း ၆ဝ ရာခိုင်နှုန်းအထိ ရှိနေကြောင်း Myanmar Thilawa SEZ Holdings Public Co.,Ltd. တာဝန်ရှိသူတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း ပြည်တွင်းဈေးကွက်အတွက် လုပ်ကိုင်နေသော ကုမ္ပဏီများပြားနေပြီး ပို့ကုန်ဦးစားပေးလုပ်ငန်းမှာ ၄ဝ ရာခိုင်နှုန်းသာရှိပါတယ်။