Knowledge

တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် မြန်မာ-ဂျပန်-အမေရိကန် ရင်းနှီးမြှုပ်နှံမှုဖိုရပ်ကို သြဂုတ်လ ၂၀ ရက်က ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

Published in Investment

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြန်လည်ပြင်ဆင် ဖွဲ့စည်းလိုက်ပြီးနောက် ဥက္ကဌသစ်က ကော်မရှင်၏ အနာဂတ်တွင်အဓိက

Published in Investment

ဂျပန်နိုင်ငံမှ ဒုတိယအကြီးမားဆုံး ငွေချေးစာချုပ်ပွဲစားလုပ်ငန်း ဖြစ်သော Daiwa Securities Group သည် မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်း ၃၀ ရင်းနှီးမြှုပ်နှံမည်။

Published in Investment

ကမ္ဘာအဆင့်မီ မြန်မာကုမ္ပဏီဥပဒေကိုပြဋ္ဌာန်းပြီး မြန်မာနိုင်ငံအတွင်း လာရာက်ရင်းနှီးမြှုပ်နှံရန် ဥရောပ (EU) လုပ်ငန်းရှင်များကိုဇွန်လ၆

Published in Investment

          နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ နှင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များစိတ်ဝင်စားမည့် အမိန့်ကြော်ငြာစာတစ်စောင်ကို စီးပွားရေး

Published in Investment

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ နှင့်အညီ တင်ပြလာသည့် အဆိုပြုချက်များအပေါ် ဆွေးနွေးစိစစ်မှုပြုရန်အတွက်

Published in Investment

ရခိုင်ပြည်နယ် ပြဿနာကြောင့် ဥရောပနဲ့ အမေရိကန်တို့မှ ရင်းနှီးမြှုပ်နှံသူများက တုံ့ဆိုင်းဆိုင်း ဖြစ်နေကြချိန်မှာ ဂျပန်နဲ့ တရုတ်

Published in Investment

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန (Ministry of Investment and Foreign Economic Relations) ဟုခေါ်တွင်မည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာတစ်ရပ် ပေးပို့ခဲ့သည်။အဆိုပါ ဝန်ကြီးဌာနသစ် ဖွဲ့စည်းရေးနှင့်ပတ်သက်ပြီး လွှတ်တော်သဘောထားခံယူရန် ရှေ့နေချုပ် ဦးထွန်းထွန်းဦးက နိုဝင်ဘာ ၁၂ ရက်တွင် အဆိုပြုတင်သွင်းခဲ့သည်။ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ အကူအညီများဖြစ်သည့် ချေးငွေ၊ အကူအညီ၊ အထောက်အပံ့များကို ထိရောက်စွာစီမံခန့်ခွဲရန် အရေးကြီးနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ဝန်ကြီးဌာနအသစ်လိုအပ်သည်ဟု ဦးထွန်းထွန်းဦးက ရှင်းလင်းတင်ပြခဲ့သည်။သို့ဖြစ်ရာ ဝန်ကြီးဌာနအသစ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာရေးအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်လာမည့် ဝန်ကြီးဌာနတစ်ခုအဖြစ် မြင်တွေ့လာရဖွယ်ရှိသည်။

 

 

          လက်ရှိတွင် မြန်မာနိုင်ငံ၏ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအောက်ရှိ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က အဓိက ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်ပြီး ကော်မရှင်အနေဖြင့်မူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကိုင်တွယ်ဆောင်ရွက်နေသည်။လက်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအောက်တွင်ရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတို့ကို ခွဲထုတ်၍ ယခု ဝန်ကြီးဌာနသစ်အောက်တွင်ထားရှိကာ ရင်းနှီးမြှုပ်နှံမှုမြင့်တက်ရေး အစီအမံများ ဆောင်ရွက်သွားဖွယ်ရှိသည်ဟု ယူဆနေသည်များလည်း ရှိသည်။

 

 

          '' ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ လုပ်ငန်းတွေကို အဓိကလုပ်ရတဲ့ ဌာနနှစ်ခုကို ဆွဲထုတ်လိုက်တဲ့သဘော ဖြစ်မှာပါ။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုပြီး ထဲထဲဝင်ဝင်လုပ်နိုင်ဖို့အတွက် အခုလို ဖွဲ့စည်းလိုက်တာ ဖြစ်နိုင်တယ်''ဟု NLD စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြောသည်။စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လိုအပ်နေသောအချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာလျက်ရှိသည်။ ပြည်တွင်းစီးပွားရေး ကဏ္ဍအသိုင်းအဝိုင်းကလည်း နှစ်နှစ်တာ အတောအတွင်း စီးပွားရေးတိုးတက်မှု နှောင့်နှေးလျက်ရှိသည်ဟု ယူဆကြသည်။

 

 

          ထို့ပြင် အီးယူက မြန်မာနိုင်ငံသို့ ပေးအပ်ထားသည့်အခွန်သက်သာခွင့် အခွင့်အရေးဖြစ်သော GSP အစီအစဉ်မှာလည်း ပြန်လည်ရုပ်သိမ်းရန် လေ့လာသုံးသပ်မှုများ ဆောင်ရွက်လျက်ရှိသည်။ ထိုအခြေအနေများနှင့်စီးပွားရေးခရီးတွင် ဖိအားများ ရင်ဆိုင်နေရလျက်ရှိသောအစိုးရက ယခုကဲ့သို့ စီးပွားရေးဖွံ့ဖြိုးရေးကို အဓိကရှေးရှုကိုင်တွယ်မည့် ဝန်ကြီးဌာနအသစ် ထူထောင်မည့်အပေါ် ပုဂ္ဂလိက စီးပွားရေးအသိုင်းအဝိုင်းက အကောင်းမြင်သုံးသပ်ကြသည်။''နောက်ဌာနတစ်ခုလာတော့ လူတွေအနေနဲ့ နောက်ထပ် ကျော်လွှားရမယ့် အတားအဆီးတစ်ခုမျိုး မဖြစ်ဘဲ အားလုံးကိုပေါင်းစည်းပေးနိုင်မယ့် Co–ordination Ministry လိုမျိုး လုပ်ကိုင်ပေးဖို့ လိုပါတယ်။ ဒီဝန်ကြီးဌာနက တစ်မျိုး၊ ဟိုဝန်ကြီးဌာနက တစ်မျိုး၊ အဲဒီလိုမဖြစ်စေဘဲ One Stop Service ဖြစ်အောင် ပေါင်းစည်းလုပ်ကိုင်ပေးဖို့ လိုပါတယ်''ဟု မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် ဒုတိယဥက္ကဌ ဦးမောင်မောင်လေးက ပြောသည်။

 

 

          ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်လာရေးအတွက် အဓိက ကိုင်တွယ်ဆောင်ရွက်လာမည့် ဝန်ကြီးဌာနအသစ်တစ်ခုဖြစ်လာရန် ကြိုးစားနေချိန်နှင့် တိုက်ဆိုင်စွာပင် စင်ကာပူနိုင်ငံတွင် ကျင်းပသော အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက် ရင်းနှီးမြှုပ်နှံရန် အလေးအနက်ထား ဖိတ်ခေါ်ခဲ့သည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် လွယ်ကူရှင်းလင်းပြီး ကြိုတင် မှန်းဆ၍ရသည့် လုပ်ထုံးလုပ်နည်းများကို ချမှတ်နိုင်ရန် ကော်မရှင်အတွင်းသာမက အခြားသက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်းများကိုပါ ပြန်လည်သုံးသပ်လျက်ရှိပြီး အဆိုပါဆောင်ရွက်ချက်သည် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးလုပ်ငန်းများအတွက် ပြတင်းတစ်ပေါက်စနစ် ပေါ်ထွန်းလာရေးကို အထောက်အကူ ဖြစ်စေရန် မျှော်လင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

 

 

          ပြတင်းတစ်ပေါက်စနစ်သည် ရင်းနှီးမြှုပ်နှံသူများကြုံတွေ့နေရသော နှောင့်နှေးကြန့်ကြာမှုများကို ကျော်လွှားနိုင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်မီနှင့် ပြုလုပ်ပြီး ကာလများအတွက် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည်ဟုလည်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။''ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှာ One Stop Service ပေါ့။ Single Window (ပြတင်းတစ်ပေါက်စနစ်) ပုံစံပေါ့။ ရင်းနှီးမြှုပ်နှံချင်သူ လွယ်လွယ်ကူကူ ဖြစ်အောင်ဆိုပြီးတော့ အခုလို ဝန်ကြီးဌာနအသစ်နဲ့ တာဝန်ယူလိုက်မယ်ဆိုရင်တော့ ဒါကို လုပ်လို့ရမယ်လို့တော့ ထင်တယ်။ စီးပွားရေးဝန်ကြီးဌာနတွေဖြစ်တဲ့ စီးပွား/ကူးသန်း၊ စီမံ/စီးပွား၊စက်မှု စသဖြင့်ပေါ့။ ဒီအလုပ်တွေအားလုံးကို ဝန်ကြီးဌာနအသစ်က ဘယ်လိုညှိနှိုင်းမလဲဆိုတာ ကြည့်ရမယ်လေ။ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကို မြန်စေချင်တော့ ဒီလိုပြုပြင်ပြောင်းလဲမှုက အထောက်အကူပြုမယ်လို့ မျှော်လင့်တယ်'' ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင်ထွန်းသက်က ပြောသည်။

 

 

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင့်ရေး နှစ်၂ဝ စီမံကိန်းကို အောက်တိုဘာလအတွင်းက မိတ်ဆက်ခဲ့သည်။ အဆိုပါစီမံကိန်းတွင် လာမည့်နှစ် ၂ဝ အတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလျံ ၂ဝဝ ကျော် ရရှိစေရန် မျှော်မှန်းထားပြီး ကမ္ဘာ့ဘဏ်၏ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှု ညွှန်းကိန်းအဆင့်တွင်လည်း အဆင့် ၅ဝ အတွင်း ဝင်ရောက်ရန်ပါဝင်သည်။ လက်ရှိ ညွှန်းကိန်းတွင် အဆင့် ၁၇၁ ဖြင့်အောက်ဆုံးနားတွင် ရောက်နေဆဲ ဖြစ်သည်။အစိုးရက နိုင်ငံတကာနှင့် ဆက်သွယ်၍ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်သော်လည်း ယခုကဲ့သို့ ဝန်ကြီးဌာနသစ်တစ်ခု ဖွဲ့စည်းရုံဖြင့် အဆင်ပြေလာမည်ဆိုသည်ကို သေချာစွာ မပြောနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။

 

 

          ''တကယ်ငြိမ်းချမ်းအောင် မြန်မြန်ဆန်ဆန် လက်တွေ့အကောင်အထည်ဖော်ပေးနိုင်ရင် ရင်းနှီးမြှုပ်နှံမှုတွေဝင်လာမှာပါ''ဟု ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောသည်။နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ သဝဏ်လွှာပေးပို့ထားသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအသစ် ဖွဲ့စည်းမည့် အဆိုပြုချက်ကို နိုဝင်ဘာ ၁၅ ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြဦးမည် ဖြစ်သည်။

 

Credit : Myanmar Time

Published in Investment

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၏ အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာပထမပတ်အထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၃၃၉ ဒသမ ၇၈၉ သန်းနှင့် အလုပ်အကိုင်ပေါင်း ၃၈၈၃ ဦး၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၆၅ သန်းနှင့် အလုပ်အကိုင်ပေါင်း ၁၈၆၈ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ နိုဝင်ဘာ ၉ ရက်က သိရပါတယ်။

 

ခွင့်ပြုပေး

***********

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၁၈/၂၀၁၈ အပါအဝင် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်းလေးခု နှင့် အတည်ပြု လုပ်ငန်းသုံးခုခွင့်ပြုခဲ့ပြီး အဆိုပါလုပ်ငန်းများအနက်မှ ကော်မရှင်ဘက်က အဆိုပြုလုပ်ငန်းလေးခု နှင့် အတည်ပြုလုပ်ငန်းတစ်ခု ခွင့်ပြုပေးခဲ့ပါတယ်။ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်းတစ်ခု၊ ကယားပြည် နယ်မှအတည်ပြုလုပ်ငန်းတစ်ခု ခွင့်ပြုခဲ့သောကြောင့် စုစုပေါင်း လုပ်ငန်းခုနစ်ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၂၁ ဒသမ ၈၆၆ သန်း နှင့် အဆိုပါလုပ်ငန်းများ၌ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၁၀၅၄ ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါတယ်။

 

          အဆိုပြု၊ အတည်ပြုလုပ်ငန်းခုနစ်ခုမှာ စက်မှုကဏ္ဍ၌ တစ်ခု၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၌နှစ်ခု၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍ၌တစ်ခု၊ အခြားကဏ္ဍ၌တစ်ခု ခွင့်ပြုခဲ့ခြင်းဖြစ်ပါတယ်။မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု၌ အဆိုပြုလုပ်ငန်းနှစ်ခု နှင့် အတည်ပြုလုပ်ငန်းရှစ်ခု စုစုပေါင်း ၁၀ ခုကို နိုဝင်ဘာပထမပတ်တွင် ခွင့်ပြုခဲ့ပါတယ်။ ယင်းတို့အနက်ကော်မရှင်မှ အဆိုပြု လုပ်ငန်းနှစ်ခုနှင့် အတည်ပြုလုပ်ငန်းနှစ်ခုခွင့်ပြုခဲ့သည်။

 

          ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှုကော်မတီမှ အတည်ပြုလုပ်ငန်း နှစ်ခု၊ စစ်ကိုင်းတိုင်းနှင့်ကယားပြည်နယ်တို့မှ နှစ်ခုစီ ခွင့်ပြုခဲ့သော်ကြောင့် စုစုပေါင်းလုပ်ငန်း ၁၀ ခု ခွင့်ပြုခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ဝ၉၁ သန်းအပါအဝင် ကျပ် (၃၄၅၄၀ ဒသမ ၁၁၆သန်း) ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး အလုပ်အကိုင်အခွင့်လမ်းပေါင်း ၅၉၃ ဦး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ခွင့်ပြုအတည်ပြုခဲ့သည့် လုပ်ငန်း ၁၀ ခုမှာ စက်မှုကဏ္ဍသုံးခု၊ ဟိုတယ်ကဏ္ဍနှစ်ခု နှင့် အခြားကဏ္ဍငါးခုတို့ ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

 

Source : Myanmar Time

Published in Investment

          အရှေ့မျှော်မူဝါဒနှင့်အတူ အရှေ့အာရှက လာရောက်မည့် ရင်းနှီးမြှုပ်နှံမှုများကို အဓိကထားမည့် နှစ် ၂ဝ ကြာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP) သည် စတင်နေပြီ ဖြစ်သည်။စီမံကိန်းအရ ၂ဝ၃ဝ ပြည့်နှစ်တွင် အလယ်အလတ် ဝင်ငွေရှိသော နိုင်ငံတစ်နိုင်ငံဖြစ်ရန် ရည်ရွယ်ထားပြီး ငါးနှစ်အကြာတွင် လူတစ်ဦးချင်းစီ၏ ဝင်ငွေတစ်ရက်လျှင် ကျပ် ၄,၅ဝဝ မှ ၅,ဝဝဝ ကြား ရရှိရန် ရည်ရွယ်ထားသည်။

 

          ၂ဝ၁၆−၁၇ ခုနှစ်မှ ၂ဝ၃၅−၂ဝ၃၆ ခုနှစ်အထိ နှစ် ၂ဝ ကြာမည်ဖြစ်သော ယခုစီမံကိန်းသည် အာရှအတွင်း ကြီးမားစွာရင်းနှီးမြှုပ်နှံနိုင်သည့် ဖွံ့ဖြိုးသော နိုင်ငံများဖြစ်သော ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်၊ မကာအို၊ ထိုင်း၊ မလေးရှား စသည့်နိုင်ငံများကို စနစ်တကျ ဖိတ်ခေါ်မည်ဟု မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က ပြောသည်။

 

          ''တိုင်းပြည်ရဲ့ ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ကို စဉ်းစားတော့လည်း အရှေ့အာရှကို အဓိကထား စည်းရုံးတဲ့ မူဝါဒကို ချမှတ်ဆောင်ရွက်သွားမယ်။ အရှေ့က ရင်းနှီးမြှုပ်နှံမှုတွေကို အများဆုံးဖိတ်ခေါ်မယ်။ ဒါကို ကျွန်တော်တို့ ရည်မှန်းထားတယ်''ဟု ၄င်းက ဆိုသည်။မြန်မာနိုင်ငံ၏ လက်ရှိ အဓိက ရင်းနှီးမြှုပ်နှံမှုများသည် အာရှတွင်းနိုင်ငံများမှဖြစ်ပြီး တရုတ်၊ စင်ကာပူ၊ ထိုင်း၊ဟောင်ကောင်တို့မှ အဓိက အများဆုံး လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

 

          အနောက်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုသည် နည်းပြီးရင်းနှီးမြှုပ်နှံပါကလည်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးနှင့် သတ္တုကဏ္ဍများတွင်သာ အဓိကထားကြသည်။ မြန်မာနိုင်ငံ၏ ရခိုင်အရေး ပဋိပက္ခနှင့်ဆက်စပ်၍လည်း အနောက်နိုင်ငံများက ဖိအားပေးနေကြသည့် အချိန်လည်းဖြစ်သည်။ ရခိုင်အရေးနှင့်ဆက်စပ်ပြီး ဦးသိန်းစိန်လက်ထက်ကတည်းက စတင်ပြင်ဆင်လာခဲ့သော အီးယူ-မြန်မာရင်းနှီးမြှုပ်နှံမှု အကာအကွယ်ပေးရေး သဘောတူစာချုပ်ကို အီးယူဘက်က ဖျက်သိမ်းခဲ့သည်။

 

          မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကလည်း အနောက်နိုင်ငံများ၏ရင်းနှီးမြှုပ်နှံမှုများ မျှော်လင့်၍မရတော့ကြောင်းကို ယခုစီမံကိန်းနှင့် ပတ်သက်ပြီး နေပြည်တော်တွင်ပြုလုပ်ခဲ့သည့်ပွဲတွင် ပြောဆိုခဲ့သည်။ထိုသို့သော အခြေအနေရှိနေသော်လည်း မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့နှင့် သတ္တုကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုများ မကြာခင် ဝင်ရောက်လာမည်ဟု မျှော်မှန်းထားပြီး ယင်းကဏ္ဍများ၏ ပို့ကုန်သည်လည်း တိုးတက်လာမည်ဟု ဦးသန်းအောင်ကျော်က ဆိုသည်။

 

          ''ဒီအစိုးရသစ်တက်ကတည်းက ရင်းနှီးမြှုပ်နှံမှု မူဝါဒမှာအရင်းအမြစ်ကို ထုတ်ရောင်းပြီး ပိုက်ဆံရှာတဲ့အလုပ်သိပ်အားမပေးဘူး။ သို့သော်ငြားလည်း ဒါကို စနစ်တကျထုတ်မယ်။ ဥပဒေနဲ့ ခိုင်ခိုင်မာမာ သပ်သပ်ရပ်ရပ် နိုင်ငံတကာစံနှုန်းနဲ့ထုတ်မယ့် ပုံစံတွေကို အခုဖိတ်ခေါ်တာပေါ့။ ဒါပေမဲ့ ဒီလိုရင်းနှီးမြှုပ်နှံမှုတွေကို ကျွန်တော်တို့ အခွန်ကင်းလွှတ်ခွင့်၊ သက်သာခွင့်မပေးဘူး''ဟု ၄င်းက ပြောသည်။လက်ရှိတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းနေပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် ရခိုင်အရေးကို အမြန်ဆုံးဖြေရှင်းရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက ဆိုသည်။

 

          မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း မျှော်မှန်းလျာထားချက်သည် စီမံကိန်းကာလ နှစ် ၂ဝ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာဘီလျံ ၂၂ဝ ကျော်ဝင် ရောက်လာရန် မျှော်မှန်းထားသည်။ ပထမ ငါးနှစ်တွင် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလျံ၊ ဒုတိယငါးနှစ်တွင် တစ်နှစ်လျှင် ၈ ဒသမ ၅ ဘီလျံ၊ တတိယငါးနှစ်တွင် တစ်နှစ်လျှင် ၁၂ ဒသမ ၃ ဘီလျံနှင့် နောက်ဆုံးငါးနှစ်တွင် တစ်နှစ်လျှင် ကန်ဒေါ်လာ ၁၇ ဒသမ ၆ ဘီလျံ ခန့်မှန်းထားသည်။

 

          ပြီးခဲ့သော ၂ဝ၁၇−၁၈ ဘဏ္ဍာနှစ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလျံရှိခဲ့ကြောင်း၊ ပထမ ငါးနှစ်ကာလအတွင်း နှစ်စဉ်ဝင်ရန် မှန်းသည့် ၅ ဒသမ ၈ ဘီလျံသည် လက်တွေ့ မြေပြင်နှင့် ကွာဟမှု မရှိကြောင်း ဦးသန်းအောင်ကျော်က ပြောသည်။

 

          ရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ထဲတွင် အစိုးရစီမံချက်များဖြင့် ဆောက်လုပ်မည့်စီမံကိန်းများ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စသည့်သုံးခုကို ဟန်ချက်ညီညီဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ထိုသို့ စီမံကိန်းကို အကောင်အထည်ဖော်ရင်း တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်သာကိုင်သာရှိမှုကို လက်ရှိအဆင့် ၁၇ဝ မှ နှစ် ၂ဝ ကြာချိန်တွင် အဆင့် ၅ဝ အတွင်းရောက်အောင် လုပ်ဆောင်မည်ဟု ၄င်းက ဆိုသည်။

 

          စီမံကိန်းကို ပို့ကုန်အသားပေးလုပ်ငန်း၊ ပြည်တွင်းဈေးကွက်အသားပေးလုပ်ငန်း၊ သယံဇာတ အခြေပြုလုပ်ငန်းနှင့် အသိပညာဦးစားပေး လုပ်ငန်းစသဖြင့် ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်း လေးသွယ်ဖြင့် လုပ်ဆောင်မည်ဖြစ်သည်။

 

          ''နိုင်ငံအတွက် တာဝန်ယူမှု၊ တာဝန်သိမှု အရည်အသွေးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုဖိတ်ခေါ်မလဲ။ ဒီလူတွေ လာချင်အောင် ဘယ်လိုဖိတ်ခေါ်မလဲ။ ပါမစ်ရအောင် ဘယ်လိုလွယ်လွယ်ကူကူလုပ်ပေးမလဲ။ ရပြီးရင်လည်း ရင်းနှီးမြှုပ်နှံမှုကို လက်တွေ့အကောင်အထည်ဖော်တဲ့အခါမှာလည်း ဘယ်လိုလုပ်ပေးမလဲ။ အဲဒါတွေအားလုံးကို ဒီအဆင့်မှာဆွေးနွေးမယ်''ဟု ဦးသန်းအောင်ကျော်က ပြောသည်။

 

          လုပ်ငန်းအကောင်အထည်ဖော်ရေး အဖွဲ့များဖြင့် ဥပဒေနှင့်ပတ်သက်၍ ပြင်ဆင်ညှိနှိုင်းရမည်များ၊ တိုင်းပြည်ပုံရိပ် တင်ရန် ရင်းနှီးမြှုပ်နှံမှုပြပွဲများ၊ နိုင်ငံတကာ သွားရောက်ဖိတ်ခေါ်မှုများ၊ ကျွမ်းကျင်လုပ်သား လိုအပ်မှုအတွက် ဖြည့်ဆည်းရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ၄င်းတို့၏ ကုန်စည်မူပိုင်ခွင့် အကာအကွယ်ပေးရေးအဖွဲ့၊ လိုအပ်သော ဘဏ္ဍာရေးနှင့် ဘဏ်ကိစ္စများဆွေးနွေးညှိနှိုင်းတိုင်ပင်ရန်အဖွဲ့ စသဖြင့် တစ်ခုချင်းစီအလိုက် ဖွဲ့စည်းဆောင်ရွက်မည် ဖြစ်သည်။

 

          ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများ၊ နိုင်ငံခြားနှင့် ချိတ်ဆက်၍ ပြည်တွင်းဈေးကွက် ဖွံ့ဖြိုးရေးနှင့် မိမိနိုင်ငံ၏ ကျယ်ပြန့်သော လယ်ယာကဏ္ဍ အရင်းအမြစ်များကို ထိထိရောက်ရောက် အသုံးချ၍ ဝင်ငွေရှာဖွေရေး နည်းလမ်းများဖြင့်လည်း ဆောင်ရွက်မည်ဖြစ်သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာစေချင်ပါက အဓိက အရေးကြီးသည်မှာ ရေးဆွဲသော မူဝါဒအားလုံးသည် ပြောဆို၊ ဖိတ်ခေါ်မှုဖြင့်ပင် မရဘဲ လက်တွေ့ကျကျလုပ်ဆောင်ပြရန် လိုအပ်သည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။ ''လက်တွေ့ကျဖို့က ရင်းနှီးမြှုပ်နှံတဲ့သူက ကျွန်တော်တို့ဆီမှာ ဘာကြောင့်လာပြီး ရင်းနှီးမြှုပ်နှံရမှာလည်း အဖြေ ကျွန်တော်တို့ ပေးနိုင်ရမယ်။ အဲဒါမပေးနိုင်ရင်တော့ ရင်းနှီးမြှုပ်နှံတဲ့သူက အနောက်ပဲ မျှော်မျှော်၊ အရှေ့ပဲ မျှော်မျှော် ဘယ်သူမှ လာမှာ မဟုတ်ဘူး''ဟု အင်န်အယ်လ်ဒီ စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးရဲမင်းဦးက ဆိုသည်။

 

 

trade 2

 

 

          လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူများ လာရောက်စုံစမ်းကြရာတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် စာရွက်စာတမ်းကိစ္စ အဆင့်ဆင့် ခွင့်ပြုချက်တောင်းရခြင်းများ၊ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖြတ်ရခြင်း အခြေအနေများကို စုံစမ်းကြသည်။ ယင်းနောက် အလုပ်သမားခနှင့် အလုပ်သမားကျွမ်းကျင်မှု၊ ပညာတတ်မြောက်မှု၊ စက်ရုံဆောက်ရန်မြေနေရာ နိုင်ငံ၏အခြေအနေ၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေးစသည့်အချက်များကို ကြည့်ကြသည်။

 

          ''အဲဒါတွေအားလုံးကို ကြည့်ပြီးသွားရင် များသောအားဖြင့် တပ်ခေါက်ပြီး ပြန်သွားကြတာများတယ်''ဟု ဦးရဲမင်းဦးက ဆိုသည်။အဓိကအချက်မှာ ဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု အားနည်းနေပြီး ဖြေလျော့မှုများ ပြုလုပ်ပါကလည်း တစ်ပြိုင်နက်တည်း ညှိနှိုင်း၍ ဖြေလျော့မှု ပြုလုပ်ပေးရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ပါက ဝန်ကြီးဌာနများစွာမှ ခွင့်ပြုချက်ယူရသည့်အတွက် ဌာနအားလုံးမှ လွယ်ကူအောင် လုပ်မပေးပါက ကြန့်ကြာမှုရှိနေဦးမည်ဖြစ်ပြီး ယင်းနှင့်တွဲလျက် အဂတိလိုက်စားမှုပါ ရှိလာနိုင်ကြောင်း ၄င်းက ပြောသည်။

 

          ''လက်တွေ့မှာ အခက်အခဲတွေရှိကြတယ် ပြောတယ်။ စာရွက်စာတမ်းစုံရင် ရင်းနှီးမြှုပ်နှံမှု ရက် ၆ဝ အတွင်း ချပေးမယ်ပြောတယ်။ သို့သော် စာရွက်စာတမ်းစုရတာ ပြဿနာရှိတယ်။ ဌာနဆိုင်ရာ ထောက်ခံချက်တွေ၊ မြေကိစ္စ၊ ဒါတွေအကုန်ပါတော့ အဲဒီမှာ အားနည်းချက်ရှိတယ်။ ကိုယ့်ဌာနတွေက ကိုယ့်ဟာကိုယ် တာဝန်ယူပြီး အဲဒါတွေ စုဆောင်းပေးရင်တော့ လုပ်တဲ့သူအတွက် ပိုလွယ်တာပေါ့''ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။

 

          တစ်ဖက်ကလည်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန တစ်ခုတည်း လုပ်ဆောင်သွား၍မရပဲ ဝန်ကြီးဌာနများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် လေ့လာစောင့်ကြည့်သူများက ပြောဆိုသည်။

 

          ''ဒါကိုနားလည်ရမယ်။ MIC ကို ပူးပေါင်းရမယ်။ MIC လိုချင်တဲ့ ကိစ္စမှန်သမျှကို ပံ့ပိုးပေးရမယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သွားချင်တဲ့လမ်းကြောင်းကို အားလုံးက လိုက်ပေးရမယ်။ အခုက ဝန်ကြီးတွေ အချင်းချင်းကြားမှာ သူလည်း ဝန်ကြီး၊ ကိုယ်လည်း ဝန်ကြီးပဲဆိုပြီး လုပ်နေတာ။ ရာထူးအတူတူပဲ။ သူလုပ်တာကို ဘာလို့ ငါတို့ဘက်က လိုက်ဖြေလျော့ပေးရမှာလဲ။ ကူညီရမှာလဲဆိုတာမျိုး တချို့တွေက တွေးတာပေါ့။ အားလုံးကို ပြောတာတော့ မဟုတ်ပါဘူး'' ဟု ဦးရဲမင်းဦးက ဆိုသည်။

 

          လက်ရှိအချိန်သည် အုပ်စုဖွဲ့ ငွေကြေးကစားသော လုပ်ငန်းများ၊ အုပ်စုဖွဲ့ ဈေးကွက် ကစားသော လုပ်ငန်းများအစား အသေးစားအလတ်စားနှင့် ပြည်တွင်းစက်မှုထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး စီမံကိန်းတွင် တစ်သားတည်း လိုက်ပါနိုင်ရန်လိုကြောင်း၊ တာဝန်ရှိသော ဝန်ကြီးဌာနအသီးသီးနှင့် တာဝန်ရှိလုပ်ငန်းရှင် အသင်းအဖွဲ့များက ယခင်ကအမူအကျင့်များကို ဖျောက်ဖျက်ကာ ခေတ်စနစ်သစ် မူဘောင်တိုးတက်တက်ရေးအတွက် အာဆီယံ ၁ဝ နိုင်ငံတွင် နောက်ကျကျန်နေသည့် အနေအထားမှ တစ်ဆင့်ပြီးတစ်ဆင့်တက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်ကြရန် ရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်ဦးအေးလွင်က ပြောသည်။

 

          မြန်မာနိုင်ငံသည် ဈေးကွက်ကြီးမားသည့် နိုင်ငံများဖြစ်သော အိန္ဒိယနှင့် တရုတ်ကြားတွင် တည်ရှိနေခြင်းကလည်း အားသာချက်တစ်ခု ဖြစ်သည်။ မြေ၊ ရေရှိပြီး အလုပ်သမား အင်အားများစွာ ရှိသည်။ မိမိနိုင်ငံအတွင်း အလုပ်မပေးနိုင်၍သာ မလေးရှား၊ ထိုင်းနိုင်ငံများသို့ အလုပ်ထွက်လုပ်နေရခြင်း ဖြစ်သည်။ရာသီဥတု ကောင်းမွန်၍ စိုက်ပျိုးမွေးမြူ ထုတ်လုပ်ခြင်းများကို အဆင့်မြှင့်ခြင်းနှင့် စားသောက်ကုန်ထုပ်ပိုး၍ အိမ်နီးချင်းနိုင်ငံကြီးနှစ်ခုသို့ တင်ပို့ရောင်းချနိုင်မည့် အခွင့်အလမ်းများစွာ ရှိနေသည်။ ထိုကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံသူများကို ခေါ်ယူနိုင်မည်ဟု ဦးရဲမင်းဦးက ဆိုသည်။

 

          ''ရင်းနှီးမြှုပ်နှံမှု တကယ်လာစေချင်ရင် တံခါးကို ကျယ်ကျယ်ဖွင့်ဖို့ပဲ လိုတယ်။ ဟစိ ဟစိ လုပ်နေရင် ရင်းနှီးမြှုပ်နှံသူက ဝင်ရမလိုလို၊ မဝင်ရမလိုလို ဖြစ်နေမှာပဲ''ဟု ၄င်းက ပြောသည်။

 

Credit : Myanmar Time

Published in Investment