Tips

ကိုကိုးကျွန်းဒေသဖွံ့ဖြိုးရေး လေးခေါက်မြောက် YRTA သင်္ဘော ထွက်ခွာ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဉ်မှု၊ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ် ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးတိုးတက်ရေး လေးခေါက်မြောက် YRTA သင်္ဘောကြီးသည် ယနေ့
နံနက် အစော ပိုင်းက မီးလင်းရေးနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ တင်ဆောင်ကာ ရန်ကုန်မြို့ ဆူးလေဆိပ်ကမ်း အမှတ်( ၃)မှ စတင်ထွက်ခွာသွားကြောင်း သိရသည်။
 

 

ပေါင်းစပ်ညှိနှိုင်းပေးမှုနဲ့ပြေးဆွဲ
===============
 
"ဒီကနေ့ ကိုကိုးကျွန်းကို ထွက်ခွာတာက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အစီအစဉ်နဲ့ ကျွန်တော်တို့ YRTA က ပေါင်းစပ်ညှိနှိုင်းပေးမှုနဲ့ ပြေးဆွဲပေးတဲ့ခရီးစဉ် ဖြစ်ပါ တယ်။ အခုဆိုရင် ကိုကိုးကျွန်းမီးလင်းနေပါပြီ။ ဒီအခါမှာ ကျန်တဲ့ အထောက်အကူပြု လုပ်ငန်းတွေဆောင်ရွက်ဖို့၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်ဖို့နဲ့ နောက်တစ်ခုက ဝန်ထမ်းတွေ ပါပါတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြောင်းရွှေ့တာဝန်ထမ်းဆောင်မယ့် ရဲတပ်ဖွဲ့ဝင်တွေ ပါပါတယ်။
 
 
အဲဒီလိုအဖွဲ့တွေစုပြီးတော့ ဒီနေ့ပို့ဆောင်ပေးတဲ့အစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ပါတယ်"ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ကြေးမုံသို့ ပြောသည်။ ခရီးစဉ်တွင် လိုက်ပါမည့်သူအားလုံး ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းစေရန် ကွာရန်တင်း တစ်ပတ်ဝင်ရကြောင်း သိရသည်။
 
အဆိုပါခရီးစဉ်တွင် သင်္ဘောသားများအပါအဝင် ခရီးသည် ၆၁ ဦးနှင့် ကုန်တန်ချိန် ၃၅၀ တင်ဆောင်သွားကြောင်း သိရသည်။ ကိုကိုးကျွန်းမီးလင်းရေးနှင့်စပ်လျဉ်း၍ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်လတ်က "ကိုကိုးကျွန်းမြို့နယ် ကို အခုဆိုရင် ဆိုလာနဲ့ ၂၄ နာရီ မီးပေးနေပြီဖြစ်ပါတယ်။
 
လုပ်ငန်းဆောင်ရွက်မှုအပိုင်းကတော့ Finishing ပိုင်းပဲ လိုတော့တယ်။ ဒီသင်္ဘောမှာဆိုလို့ရှိရင် ဒီဇယ်အင်ဂျင်နဲ့ လိုအပ်လို့ရှိရင် မောင်းနှင်နိုင်ဖို့အတွက် 500 KV အင်ဂျင်တစ်လုံးအပြင် စက်သုံးဆီပါထည့်ပေးလိုက်ပါတယ်။ အဓိက အားဖြင့်တော့ ဆိုလာနဲ့ပေးတာဖြစ်ပါတယ်။
 
 
လိုအပ်တဲ့အချိန်မှသာ ဒီဇယ် အင်ဂျင်နဲ့မောင်းပေးသွားမှာ ဖြစ်ပါတယ်။ ကိုကိုးကျွန်းဒေသကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)အနေနဲ့ လျှပ်စစ်ရအောင်ဆောင်ရွက်ပေးမှုမှာ ပြည့်စုံသလောက်ဖြစ်သွားပါပြီ။ လက်ရှိဆိုလာနဲ့ ၁ ဒသမ ၅ မီဂါဝပ် စက်နဲ့ပေးနေတာပါ။ နောက်ထပ် ၁ ဒသမ ၅ မီဂါဝပ် တိုးပေးနိုင်အောင်လည်း အခုသင်္ဘောနဲ့ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ကို ထည့်ပေးလိုက်ပါတယ်” ဟု ပြောသည်။
 
ကိုကိုးကျွန်းဒေသ ဖွံ့ဖြိုးရေးနှင့် မီးလင်းရေးဆောင်ရွက်ရာတွင် YRTA သာမက ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနကလည်း ပစ္စည်းများ ပို့ဆောင်ရေးကို ကူညီဆောင်ရွက်ပေးလျက်ရှိရာ ခရီးစဉ်အားဖြင့် သုံးခေါက်ပို့ပြီး သွားပြီဖြစ်ကြောင်း၊ YRTA က ယခု လေးခေါက်မြောက်ပို့ခြင်းဖြစ်၍ စုစုပေါင်း ခုနစ်ခေါက်ရှိပြီဖြစ်ကြောင်း သိရသည်။
 
ကိုကိုးကျွန်းသည် ရန်ကုန်တိုင်းဒေသကြီး၏ ၄၄ မြို့နယ်ထဲမှ တစ်မြို့ ဖြစ်ပြီး ရန်ကုန်မှတောင်ဘက် ရေမိုင် ၂၅၇ မိုင်အကွာ ဘင်္ဂလားပင်လယ်အော် အတွင်း၌ တည်ရှိကြောင်း၊ ဧရိယာစတုရန်းမိုင် ၂၀ ဒသမ ၅၄ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး အဓိကကျွန်းများဖြစ်သည့် ကိုကိုးကျွန်းကြီး၊ ကိုကိုးကျွန်းလေးနှင့် စားပွဲကျွန်းတို့အပါအဝင် ကျွန်းခုနစ်ကျွန်းပါဝင်ကြောင်း၊ ယခင်က ကိုကိုးကျွန်း သည် ပင်လယ်ရေကြောင်းဝေးကွာမှုကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့သော်လည်း ယခုနိုင်ငံတော်အစိုးရလက်ထက်တွင် ဖွံ့ဖြိုးမှုလုပ်ငန်းများကို အင်တိုက် အားတိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
 
The Mirror Daily
Read times
Rate this item
(0 votes)