3PL, 4PL , 5PL ဘာတွေ ဘယ်လို ကွာခြားသလဲ
3PL, 4PL, 5PL တို့က အတိုကောက် အခေါ်အဝေါ်များ ဖြစ်ကြပါတယ်။
3PL က third-party logistics
4PL က fourth-party logistics
5PL က fifth-party logistics
+
3PL, 4PL နှင့် လတ်တလောမှာ ပေါ်တဲ့ 5PL တို့က ပြင်ပလုပ်ငန်းက လောဂျစ္စတစ် ဝန်ဆောင်မှု ပေးအပ်ပုံကို ရည်ညွှန်းပြောဆိုကြတာ ဖြစ်ပါတယ်။
+
1PL နှင့် 2PL ကိုလည်း နားလည်သဘောပေါက်ထားသင့်ပါတယ်။
1PL က First-Party Logistics
2PL က Second-Party Logistics
+
1PL (First-Party Logistics)
ကုမ္ပဏီက ထုတ်ကုန်ပစ္စည်းတွေကို တစ်နေရာကနေ အခြားတစ်နေရာသို့ တိုက်ရိုက် သယ်ယူပို့ဆောင်တယ်ဆိုရင် 1PL လို့ သတ်မှတ်ပါတယ်။
ဥပမာ သစ်ကုန်သည်တစ်ဦးက သူ့ဆီမှာ ဝယ်တဲ့သူ ပေးပို့စေလိုတဲ့နေရာကို သူ့လုပ်ငန်းမှကားဖြင့် သူ့အလုပ်သမားများဖြင့် ပို့ပေးတာ 1PL ဖြစ်ပါတယ်။
+
2PL (Second-Party Logistics)
2PL က ကွန်တိန်နာသင်္ဘော၊ လေယာဉ်၊ ကုန်တင်ယာဉ် စသဖြင့် ပိုင်ဆိုင်တဲ့သူက တခြားကုမ္ပဏီများအတွက် ကုန်စည်ကို ပို့ဆောင်ပေးပါတယ်။
သင်္ဘောလိုင်းများ၊ လေကြောင်းလိုင်းများ၊ ကုန်တင်ယာဉ်လိုင်းများဟာ 2PL ဖြစ်ပါတယ်။
တခြားကုမ္ပဏီအတွက် သိုလှောင်ရုံ လုပ်ကိုင်ပေးရင်လည်း 2PL ဖြစ်ပါတယ်။
ဥပမာ သစ်ကုန်သည်က သူ့မှာ ထရပ်ကား မလုံလောက်လို့ အခြားလုပ်ငန်းရဲ့ ဝန်ဆောင်မှုကို အသုံးပြုရင် အဲဒီ တခြားလုပ်ငန်းက 2PL ဖြစ်ပါတယ်။ သစ်လုံးတွေ ပြည်ပတင်ပို့ရင်လည်း 2PL ကို သူ သုံးစွဲမှာ ဖြစ်ပါတယ်။
+
3PL (Third-Party Logistics)
3PL က 1PL နှင့် 2PL တို့ကြားမှာ လော့ဂျစ္စတစ် အလုပ်တွေ ဝင်ရောက်လုပ်ကိုင်ပေးတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း 3PL တွေ များပြားလာခဲ့ပါတယ်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ (SME) တွေအနေဖြင့် 2PL နှင့် တိုက်ရိုက် ကိုယ်တိုင် လုပ်နိုင်ဖို့ မလွယ်ဘူး။ ကိုယ်တိုင်လုပ်ကိုက်တာထက် ပြင်ပလုပ်ငန်းကို အလုပ်အပ်နှံ လုပ်ကိုင်တာက ပိုထိရောက်တယ်။ ကုန်ကျစရိတ်လည်း ပိုသက်သာတယ်။ သိုလှောင်ရေး၊ ပို့ဆောင်ရေး၊ မှာကြားသူတို့ ပေးပို့ရေးစတာတွေကို လောဂျစ္စတစ် ဝန်ဆောင်မှုပေးအပ်တဲ့ လုပ်ငန်းထံ အလုပ်အပ်နှံပြီး တာဝန်ပေးလိုက်ပါတယ်။
3PL က ပေးအပ်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးမှာ အဓိကအားဖြင့် အကောက်ခွန်ရှင်းလင်းရေး၊ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု Freight forwarding၊ သိုလှောင်ရေး၊ ကုန်လမ်းပို့ဆောင်ရေး ဝန်ဆောင်မှု၊ ရေကြောင်းကုန်စည် ဝန်ဆောင်မှု၊ လေကြောင်းကုန်စည် ဝန်ဆောင်မှု၊ ပြည်ပပို့ကုန် ထုပ်ပိုးခြင်း၊ သိုလှောင်ခြင်း မပါဘဲတိုက်ရိုက်ပို့ဆောင်ရေး၊ လက်ကျန်စာရင်း စီမံရေး ဝန်ဆောင်မှု အစရှိသည်တို့ ဖြစ်ပါတယ်။ ဝန်ဆောင်မှုတစ်မျိုးတည်း ပေးအပ်တာ ဖြစ်ချင်ဖြစ်မယ်။ တစ်မျိုးမက ပေးအပ်တာ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်။
3PL က ကုမ္ပဏီရဲ့ လောဂျစ္စတစ်နဲ့ ပတ်သက်တဲ့ အလုပ်တွေ လုပ်ကိုင်ပေးတဲ့ ဌာနအဖြစ် အနေအထား ရယူပြီး လုပ်ကိုင်ပေးပါတယ်။
3PL က လုပ်ငန်းရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုဖြင့် လုပ်ကိုင်တာလည်း ဖြစ်နိုင်သလို လုပ်ငန်းမှာ ကိုယ်ပိုင်ပိုင်ဆိုင်မှု မထားဘဲ လုပ်ကိုင်တာလည်း ဖြစ်နိုင်ပါတယ်။
3PL က သင်္ဘောတင်ဖို့ ကုန်စည်တွေ ကားနဲ့ သယ်ပို့ပေးတယ် ဆိုပါစို့။ လုပ်ငန်းပိုင် ထရပ်ကားများဖြင့် သယ်ပို့တာ ဖြစ်နိုင်သလို ထရပ်ကားတွေ ခေါက်ရေဖြင့် ငှားပြီး သယ်ပို့ပေးတာလည်း ဖြစ်နိုင်ပါတယ်။ လေကြောင်းလိုင်း၊ သင်္ဘောလိုင်းတွေနဲ့ ချိတ်ထားပြီး ကုန်စည်အတွက် နေရာရဖို့ စီစဉ်ပေးနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကြားခံပွဲစားအဖြစ် ကြားဝင်လုပ်ကိုင်ပေးတာမျိုး ဖြစ်နိုင်ပါတယ်။
ကုမ္ပဏီအနေဖြင့် လောဂျစ္စတစ်ဌာနတစ်ခု ထားပြီး ကုန်တင်ယာဉ်များ၊ ဝန်ထမ်းများအတွက် တစ်နှစ်ပတ်လုံး အကုန်အကျခံတာထက် 3PL ထံ လိုတော့မှ အလုပ်အပ်နံလိုက်တာက ပိုသက်သာပါတယ်။ ဇယားလည်း မရှုပ်တော့ဘူး။ အချိန်ကုန်ခံဖို့ မလိုတော့ဘူး။ လောဂျစ္စတစ်ဌာနတစ်ခု ထားရင် သုံးစွဲရမယ့် အရင်းအမြစ်ကို တခြားနေရာမှာ သုံးစွဲလို့ ရသွားစေပါတယ်။
+
4PL (Fourth-Party Logistics)
4PL က အလုပ်အပ်နှံတဲ့ ကုမ္ပဏီ ကိုယ်စား 3PL များကို စီမံဆောင်ရွက်ပေးပါတယ်။ ကုမ္ပဏီက 3PL အမျိုးမျိုးကို ကိုယ်တိုင် မငှားတော့ဘဲ 4PL တစ်ခုထံ အလုပ်အပ်နှံ ထားလိုက်ပါတယ်။ သိုလှောင်ရေး 3PL ၊ အကောက်ခွန်ရှင်းလင်းရေး 3PL ၊ ပို့ဆောင်ရေး 3PL အစရှိတာတွေကို တစ်ခုချင်း အလုပ်အပ်နှံခြင်း မပြုတော့ဘဲ 4PL ထံ အလုပ်အပ်နှံပြီး တာဝန်ပေးလိုက်ပါတယ်။
အလုပ်သဘောသဘာဝအရ 4PL ဟာ လုပ်ငန်းပိုင် ထရပ်ကား၊ သိုလှောင်ရုံ စတာတွေ ရှိဖို့ မလိုအပ်တာကြောင့် 4PL တွေမှာ လုပ်ငန်းပိုင် မရှိကြဘူး။ 3PL လုပ်တဲ့ လုပ်ငန်းက 4PL ကိုပါ လုပ်ကိုင်ရင်လည်း 3PL အနေဖြင့်လည်း လုပ်ငန်းရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှုဖြင့် မလုပ်ကိုင်ရင် သူလုပ်တဲ့ 4PL မှာလည်း လုပ်ငန်းမှာ ကိုယ်ပိုင် ပိုင်ဆိုင်မှု ထားရှိမှာ မဟုတ်ပါဘူး။ 3PL အနေဖြင့် လုပ်ငန်းရဲ့ ကိုယ်ပိုင် ပိုင်ဆိုင်မှု ထရပ်ကား၊ သိုလှောင်ရုံ စတာတွေ သုံးစွဲ လုပ်ကိုင်ရင်လည်း 3PL အနေဖြင့် လုပ်ကိုင်ခြင်းများ အတွက်သာ ဖြစ်ပါတယ်။
4PL ထံ အလုပ်အပ်နှံ လုပ်ကိုင်တဲ့အတွက် ကုမ္ပဏီအနေဖြင့် လောဂျစ္စတစ် အလုပ်တစ်မျိုးအတွက် 3PL လုပ်ငန်းတစ်ခု၊ နောက်အလုပ်တစ်မျိုးအတွက် နောက်ထပ် 3PL လုပ်ငန်းတစ်ခု စသဖြင့် အလုပ်အပ်နှံနေရတာ သက်သာသွားပါတယ်။ တစ်နေရာတည်းမှာ အလုပ်အပ်နှံပြီး လောဂျစ္စတစ် ဝန်ဆောင်မှု အမျိုးမျိုးကို အကုန်အစုံ ရရှိပါတယ်။
+
5PL (Fifth-Party Logistics)
5PL က ကုမ္ပဏီရဲ့ လောဂျစ္စတစ်အတွက် အစအဆုံး တာဝန်ယူ လုပ်ဆောင်ပေးပါတယ်။
အစီအစဉ်ရေးဆွဲမယ်။ စီစဉ်မယ်။ လုပ်ဆောင်မယ်။ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေ ကိုင်တွယ် ဖြေရှင်းမယ်။ အကုန်အကျ သက်သာအောင် လုပ်ပေးမယ်။ အချိန်ကုန် သက်သာအောင် လုပ်ပေးမယ်။
5PL တွေမှာ အထူးပြု လုပ်ကိုင်ပေးဖို့ တတ်သိမှုများ၊ တတ်ပွန်မှုများ၊ အတွေ့အကြုံများ၊ သင်ခန်းစာများ ရှိနေတဲ့အပြင် သုံးစွဲတဲ့ နည်းပညာတွေကလည်း အဆင့်မြင့်ပါတယ်။ ဉာဏ်ရည်တု၊ ရိုဘော့၊ ဘလောက်ချိန်း စတာတွေ သုံးစွဲပါတယ်။