ကမ္ဘာ့ရေနံတင်သင်္ဘော စီးရေ သိသိသာသာ ကျဆင်း
ရေနံတင်သင်္ဘော အရေအတွက် လျော့နည်းလာခြင်းသည် လာမည့်သုံးနှစ်အတွင်း ရေနံနှင့် ရေနံထွက်ပစ္စည်းများ ပို့ဆောင်ရေးမှာ သင်္ဘော မလုံလောက်တဲ ပြဿနာ ဖြစ်ပေါ်နိုင်ပြီး ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေနိုင်တယ်လို့ ဆိုပါတယ်။
ရေနံတင်သင်္ဘောဈေးကွက်မှာ ကာလကြာရှည် အရေအတွက် ကျဆင်းလာမှုဟာ နောက်ဆုံးမှာ ရေနံတင်သင်္ဘော ရှားပါးမှု ဖြစ်ပေါ်လာနိုင်ပေမဲ့ လောလောဆယ်မှာ ရေနံတင်သင်္ဘောပိုင်ရှင်တွေ အနေဖြင့် ဈေးကွက်အခြေအနေ အားရစရာ မရှိသေးတာကြောင့် ယခုနှစ်မှာ သင်္ဘောအသစ် တည်ဆောက်ဖို့ သင်္ဘောကျင်းများထံ မှာကြားမှု စီးရေ များများစားစား မရှိသေးချေ။
Clarksons Research ရဲ့ နှစ်လယ် အစီရင်ခံစာမှာ ၂၅ နှစ်တာအတွင်း ရေနံတင်သင်္ဘောအသစ် မှာကြားမှုပမာဏ အနည်းဆုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
Bimco မှ ဆန်းစစ်ရေးမှူးချုပ် Niels Rasmussen က ရေနံစိမ်းတင်သင်္ဘော စီးရေ လျော့ကျနေကြောင်း တင်ပြခဲ့ပါတယ်။ ၂၀၂၂ မှာ ရေနံတင်သင်္ဘောအသစ် တည်ဆောက်ဖို့ မှာကြားမှု အနည်းဆုံး ဖြစ်နေတာကြောင့် စီးရေ တိုးလာဖို့ မဖြစ်နိုင်ကြောင်း၊ လာမယ့် နှစ်အနည်းငယ်အတွင် စီးရေ လျော့ကျသွားဖို့သာ ဖြစ်လိမ့်မယ်လို့ တင်ပြခဲ့ပါတယ်။ ရေနံစိမ်းနှင့် ရေနံထွက်ပစ္စည်းတင် ရေနံတင်သင်္ဘော အသစ်မှာကြားတဲ့ စီးရေ တန်ချိန်စုစုပေါင်းက လက်ရှိစီးရေ တန်ချိန် စုစုပေါင်းရဲ့ ၅.၁ % ရှိကြောင်း ၎င်းက တင်ပြပါတယ်။
၂၀၂၂ ပထမ နှစ်ဝက်အတွင်း ရေနံတင်သင်္ဘော ၂၃ စီး အသစ်တည်ဆောက်ဖို့ မှာကြားခဲ့ကြပါတယ်။ သင်္ဘော တင်ဆောင်နိုင်တဲ့ တန်ချိန် ဖြစ်တဲ့ deadweight tonnage (dwt) စုစုပေါင်း ၃ သန်း ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၆ နှစ်တာအတွက် အနည်းဆုံး dwt တန်ချိန် ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံတင်သင်္ဘော စီးရေတိုးတာကို သင်္ဘောကျင်းများမှာ အသစ်တည်ဆောက်ဖို့ မှာကြားတဲ့ စာရင်းအရ သနိုင်ပါတယ်။ စီးရေ လျော့တာကိုတော့ သင်္ဘောဖျက်တဲ့ သင်္ဘောကျင်းများထံ ပေးပို့တဲ့ သင်္ဘောစာရင်းအရ ခန့်မှန်းနိုင်ပါတယ်။ ယခုလက်ရှိ ရေနံတင်သင်္ဘောများထဲမှာ သင်္ဘောအိုတွေ ပါဝင်နေတာကြောင့် လာမယ့် နှစ်အနည်းငယ်အတွင်း သင်္ဘောဖျက်တဲ့ သင်္ဘောကျင်းများထံ ပေးပို့လိုက်မှာ ဖြစ်လို့ သင်္ဘောစီးရေ လျော့ကျသွားမှာ ဖြစ်ပါတယ်လို့ Niels Rasmussen က ခန့်မှန်းထားပါတယ်။
#MyanmarLogisticsGuide
Telegram Channel
https://t.me/Guid4U