ထိုင်းနိုင်ငံက နိုင်ငံတကာနှင့် ကုန်သွယ်မှုများ ပြုလုပ်ရာတွင် တရုတ်ယွမ်ငွေနှင့် အခြား အာရှငွေကြေးများကို တိုးမြှင့် သုံးစွဲသွားမည် ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က သြဂုတ်လ ပထမပတ်တွင် အသိပေး ထုတ်ပြန် ကြေညာခဲ့သည်။
လက်ရှိကာလတွင် အမေရိကန်ဒေါ်လာနှင့် ထိုင်းဘတ်ငွေအကြား လဲလှယ်မှုတန်ဖိုးမှာ ကွာဟချက် ကြီးမားလာနေသကဲ့သို့ အတက်အကျ အပြောင်းအလဲ ကြမ်းလွန်းသည့်အတွက်လည်း ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးများတွင် လက်ရှိ အသုံးများနေသည့် အမေရိကန်ဒေါ်လာအစား တရုတ် ယွမ်ငွေနှင့် အခြားအာရှငွေကြေးများကို တိုးမြှင့် သုံးစွဲရန် စီစဉ်နေကြောင်း ထိုင်းဗဟိုဘဏ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းဘဏ် The Bank of Thailand-BOT သည် ငွေကြေးလဲလှယ်နှုန်း အန္တရာယ်ကို လျှော့ချရာတွင် အထောက်အကူ ဖြစ်စေရေးအတွက် ဒေသတွင်း ငွေကြေးများကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန် မျှော်လင့်ထားသည်ဟု သိရသည်။
ထိုသို့ လုပ်ဆောင်ရခြင်းမှာ ဒေသတွင်းငွေကြေးများသည် ထိုင်းဘတ်နှင့် ငွေကြေးတန်ဖိုး ကွာဟမှု ကျဉ်းမြောင်းခြင်းကြောင့် ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်၏ ဒုတိယဥက္ကဋ္ဌဖြစ်သူက ပြောဆိုထားသည်။
Click Here > United Pacific
- ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ သုံးစွဲမှုကို လျှော့ချပြီး အခြားငွေကြေးများကို တိုးမြှင့် သုံးစွဲရန် ကြိုးပမ်းနေသည်မှာ ဆယ်စုနှစ်တစ်စု ရှိခဲ့ပြီ ဖြစ်ကြောင်း၊
- ယခု ၂၀၂၃ ခုနှစ် ပထမနှစ်ဝက် ကုန်လွန်ပြီးမှသာ အရှိန်အဟုန်တစ်ခုကို ရလာပြီ ဖြစ်ကြောင်း၊
- ဗဟိုဘဏ်အချင်းချင်း စီစဉ် ဆောင်ရွက်မှုများနှင့် ဘဏ္ဍာရေးအခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်မှုများကလည်း အဆင်သင့်ရှိနေပြီ ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်းဗဟိုဘဏ်အနေဖြင့် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံတို့နှင့် ပြည်တွင်းငွေကြေး တိုးမြှင့် သုံးစွဲရေး ပူးပေါင်း လုပ်ဆောင်လျက် ရှိနေပြီး ယခု ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်တွင် သိသိသာသာ တိုးတက်လာတော့မည် ဖြစ်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံ ယွမ်နှင့် ကုန်သွယ်ရေးအတွက် သဘောတူညီချက် အများအပြား ရရှိထားပြီ ဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံကလည်း ရူပီးကို တိုးမြှင့် အသုံးပြုရေးအတွက် လုပ်ဆောင်နေသည်။
ထို့အတူ ဘရာဇီး၊ အာဂျင်တီးနား စသည့် တောင်အမေရိကနိုင်ငံများကလည်း အမေရိကန်ဒေါ်လာအစား အခြားငွေကြေးများကို အစားထိုး အသုံးပြုနိုင်ရေး နည်းလမ်းများ ရှာဖွေလျက် ရှိကြောင်း သိရသည်။
Source : Bangkok Post